Wednesday, February 28, 2018

MNL Club အသင်းများအား စစ်ဆေးရာ၌ကျေနပ်အားရမှုရှိဟု AFC စစ်ဆေးရေးအဖွဲ့ဆို

Image may contain: one or more people
နေပြည်တော် ဖေဖော်ဝါရီ ၂၇
AFC Club ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သော ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းများအား ဂျာမနီနိုင်ငံသား မစ္စတာမာဆယ်နှင့် မစ္စတာဂျိုဟန်တို့ပါဝင်သော AFC စစ်ဆေးရေး ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များ၌ သက်ဆိုင်ရာ ကလပ်အသင်းများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်ထိ စစ်ဆေးခဲ့ရာ အားရကျေနပ်မှုရှိကြောင်း မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီမှတ်ချက်ပြု ပြောကြားသွားခဲ့သည်။
စစ်ဆေးရေးအဖွဲ့သည် သက်ဆိုင်ရာအသင်း တာဝန်ရှိအကြီးအကဲ များနှင့်တွေ့ဆုံ၍ ကစားသမား ဝယ်ယူငှားရမ်း ရောင်းချမှု၊ လစာကြွေး ကျန်ကင်းရှင်းမှု၊ လူငယ်လေ့ကျင့်ပျိုးထောင်ရေး စီမံကိန်းထားရှိမှု၊ ကစားသမားများ၏ ကျန်းမာရေးစစ်ဆေးမှု၊ လေ့ကျင့်ရေးကွင်းအခြေ အနေ၊ ရုံးအဆောက်အအုံအခြေအနေ၊ အသင်းအားပေးသူ ပရိသတ် အခြေအနေများကို အသေးစိတ်စစ်ဆေး မေးမြန်းမှုများပြုလုပ်ခဲ့သည်။
AFC စစ်ဆေးရေးကိုယ်စားလှယ်အဖွဲ့က ''စစ်ဆေးမှုအများစုကို အားရကျေနပ်ရပါကြောင်း၊ အချို့သောကိစ္စရပ်များတွင် လိုအပ်ချက်ရှိ နေသေးသော်လည်း အချိန်ယူဆောင်ရွက်ပါက ပြည့်စုံလာလိမ့်မည်ဟု ယူဆပါကြောင်း၊ MNL နှင့် ကလပ်အသင်းများကို အဓိကတာဝန်ယူစီမံ ဆောင်ရွက်နေသော အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နည်းပြအဖွဲ့များ၏ စိတ်အားထက်သန်စွာဆောင်ရွက်နေမှု၊ ကြိုးစားနေမှုများကိုလည်း အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ယဉ်ကျေးပျူငှာသော မြန်မာလူမျိုး များ၊ သာယာလှပသောရှုခင်းနဲ့ စေတီပုထိုးများကို တွေ့ကြုံဖူးမြော်ခွင့်ရခဲ့ ပြီး အရသာရှိသော မြန်မာအစားအစာများကို နောက်တစ်ကြိမ် ထပ်မံ ထိတွေ့ခွင့်ရပါစေလို့လည်း ဆုတောင်းပါကြောင်း'' ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်အသင်းများ၏ AFC Club Licensing Criteria များ ဖြည့်ဆည်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ AFC အနေနှင့် အလားတူစစ်ဆေးမှုများပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ဇေယျာ

No comments:

Post a Comment