Thursday, February 1, 2018

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

Image may contain: 5 people, crowd
သန်လျင် ဇန်နဝါရီ ၃၁
သမဝါယမတက္ကသိုလ် (သန်လျင်)၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီ တွင် ဒက္ခိဏဆောင်မြက်ခင်းပြင်၌ ကျင်းပရာ သမဝါယမတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းက မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များအနက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲသည် ပျော်ရွှင်စရာ အကောင်းဆုံးဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အဖွဲ့များအနေဖြင့် စည်းကမ်းရှိစွာ ယှဉ်ပြိုင်ရန်၊ စည်းစည်းလုံးလုံး အားပေးရန်၊ ယှဉ်ပြိုင်ရာတွင် အမှိုက် သရိုက်နှင့် အကြွင်းအကျန်များကို စနစ်တကျ သိမ်းဆည်းရန် အလေး အနက် မှာကြားလိုကြောင်း၊ ယခုလို မြန်မာ့ရိုးရာထမနဲပွဲ ကျင်းပရခြင်းမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ နှင့် ဝန်ထမ်းများ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အဖွဲ့ရှစ်ဖွဲ့အား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲဖြစ်၍ အနိုင်၊အရှုံး ရှိမည်ကို သိရှိနားလည် သဘောပေါက် ပြီး စည်းလုံးညီညွတ်စွာဖြင့် အားပေး ကြစေလိုကြောင်း ပြောကြားသည်။
မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ပထမနှစ် ကိုယ်စားပြု အဖွဲ့နှစ်ဖွဲ့၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကိုယ်စားပြု အဖွဲ့တစ်ဖွဲ့၊ အထူးပြုဘာသာရပ် များဖြစ်သည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ် မှ တစ်ဖွဲ့၊ အသုံးချစာရင်းအင်းပညာ အထူးပြုဘာသာရပ်မှ တစ်ဖွဲ့၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှု ပညာအထူးပြုဘာသာရပ်မှ တစ်ဖွဲ့၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု ဘာသာရပ်မှ တစ်ဖွဲ့နှင့် လူမှုစီးပွား ရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်မှတစ်ဖွဲ့ စုစုပေါင်း အဖွဲ့ ရှစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိ သည့်အဖွဲ့များအား ဆုများပေးအပ် ချီးမြှင့်ခဲ့ရာ ပထမဆုရရှိသည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေး ပညာ အထူးပြုဘာသာရပ်အဖွဲ့အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက လည်းကောင်း၊ ပူးတွဲဒုတိယဆု ရရှိ သည့် အသုံးချစာရင်းအင်းပညာ အထူးပြုဘာသာရပ်အဖွဲ့နှင့် တတိယ နှစ်နှင့် စတုတ္ထနှစ် ကိုယ်စားပြုအဖွဲ့ နှစ်ဖွဲ့အား ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဦးတင်သိန်းနှင့် ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန် တို့က လည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့များအား ပါမောက္ခ/ဌာနမှူးများက လည်း ကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲကျင်းပနေစဉ် တက္ကသိုလ် အနုပညာအသင်းမှ အိုးစည်ဒိုးပတ်များ၊ အကများဖြင့် ဖျော်ဖြေအားပေးပြီး ဆရာ ဆရာမ များနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment