Tuesday, February 27, 2018

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ရန် လိုအပ်ချက်ရှိနေသည့်ကျောင်းများကို သတ်မှတ်မူများ ဖြေလျှော့ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိ

Image may contain: indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၆
လာမည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ရန် လိုအပ်ချက်ရှိနေသည့်ကျောင်းများကို သတ်မှတ် မူများဖြေလျှော့၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့တွင် ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီနှစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်း များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့မှုများအနေဖြင့် ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့မှု ပေါင်း ၅ဝ၉၉ ကျောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မူလသတ်မှတ်ထားသည့် မူများနှင့် အညီ ဆောင်ရွက်ခဲ့သကဲ့သို့ ကိုယ်စားလှယ်တော်ကြီးများ တင်ပြချက်အရလည်းကောင်း၊ နယ်မြေဒေသအခြေအနေ များအရ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သည့် ဒေသများတွင်ရှိသည့် ကျောင်းသားလူငယ်များ၏ သင်ယူမှု အခွင့်အလမ်း ပိုမိုရရှိရေး ခရီးအနီးအဝေးအပေါ် မူတည်ပြီး သတ်မှတ်မူများကို ဖြေလျှော့စဉ်းစားကာ အဆင့်တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်အတွက် မူလခွင့်ပြုငွေစာရင်းတွင် အခြေခံပညာ ဦးစီးဌာနမှ အဆောက်အအုံဆောက်လုပ်ခြင်းများအတွက် PAE နှုန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၏ အတည်ပြုချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မိမိတို့ပေးပို့ခဲ့သည့် PAE နှုန်းများကို ထပ်မံတိုးမြှင့်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် လွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း၊ လွှတ်တော်တွင်ရှိသည့် ပညာရေးမြှင့်တင်မှုကော်မတီ အနေဖြင့်လည်း အဆိုပါ ပေးပို့ခဲ့သည့် PAE နှုန်းများကို ထပ်မံစိစစ်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလအမျိုးသား ပညာရေးဥပဒေနှင့် ယင်း၏ ဆက်စပ်ဥပဒေများ၊ နည်းဥပဒေ များရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ၊ ပညာရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘပြည်သူများ၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသား ကိုယ်စားလှယ်များ ၏ အကြံပြုချက်များကို ရယူဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဖွဲ့စည်းပြီးဖြစ်သည့် ပညာရေးမြှင့်တင်မှု ကော်မတီများ၏ လမ်းညွှန်ချက်များကိုလည်း ခံယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အတွက် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက် မှာ မုံရွာစီးပွားရေးတက္ကသိုလ်တွင် အဓိပတိလမ်းကတ္တရာ ထပ်ပိုးလွှာလောင်းခြင်းနှင့် အဓိပတိလမ်းဘေးပလက်ဖောင်း ပြုပြင်ခြင်းအတွက် ကျပ် ၁၁၈ ဒသမ ၃ သန်း၊ ကလေး တက္ကသိုလ်တွင် အဓိပတိလမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းအတွက် ကျပ် ၁၇၈ ဒသမ ဝ သန်းနှင့် မကွေး တက္ကသိုလ်တွင် အဓိပတိလမ်း ကွန်ကရစ်ခင်းခြင်းအတွက် ကျပ် ၁၅၄ ဒသမ ဝ သန်း လျာထားတင်ပြရခြင်းမှာ အဆိုပါ တက္ကသိုလ်များ၏ ပင်မလမ်းများသည် မိုးရာသီ အချိန်တွင် ရေများဝပ်နေပြီး သွားလာရေး အလွန်ခက်ခဲ သည့်အတွက် တင်ပြလျာထားရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအတွက် ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လအတွက် သာမန်အသုံးစရိတ်ရရှိမှုမှာ ငွေကျပ် ၂၆၁၄၆ ဒသမ ၅၇၄ သန်းဖြစ်ပြီး ငွေလုံးငွေရင်း အသုံး စရိတ်မှာ ဆောက်လုပ်ရေးအပိုင်းပိုင် စိစစ်ရေးပူးပေါင်း အဖွဲ့ ၄ မှ ငွေကျပ် ၄၆၂ဝ ဒသမ ၈၅၉ သန်း စိစစ်လျှော့ချ ခဲ့သဖြင့် ငွေကျပ် ၁၁၁၈ ဒသမ ၆ဝ၈ သန်း ခွင့်ပြုရရှိရေး အတွက် ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်ပြောင်းလဲရေး ကာလ ၆ လပတ်အတွင်းတွင် ခွင့်ပြုလုပ်ငန်းများနှင့် ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ပူးပေါင်းကော်မတီ တစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်၏ အစီရင်ခံစာတွင် ဖော်ပြထားသော လမ်းညွှန်ချက်များနှင့် သဘောထားမှတ်ချက်များအတိုင်းလိုက်နာပြီး ပြည်သူလူထု အပေါ်တွင် ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး ရာတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးသစ်ဖြစ်သည့် ရုံးအဆောက်အအုံ ၇၄၉၆ဝ စတုရန်းပေ သုံးထပ် သံကူ ကွန်ကရစ်၏ လုပ်ငန်းတန်ဖိုး တောင်းခံငွေ ကျပ်သန်းပေါင်း ၂၁၇၃ ဒသမ ၈၄ဝ အပေါ် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ ငွေကျပ်သန်းပေါင်း ၁၄၆၇ ဒသမ ဝ၇ဝ ခွင့်ပြုပေးခဲ့ ပါကြောင်း။
၂ဝ၁၈ ခုနှစ် ၆ လ ဘတ်ဂျက်တွင် ဆောက်လုပ်ဆဲ စီမံကိန်းဖြစ်သည့်အတွက် ထပ်မံခွင့်ပြုရန် ငွေကျပ်သန်းပေါင်း ၇ဝ၆ ဒသမ ၇၇ဝ အား တောင်းခံရမည် ဖြစ်သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန၏ တွက်ချက်ပေးမှုအရ မြို့ပြလုပ်ငန်းများဖြစ်သော မြေနေရာ ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်း၊ ရေသန့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် ထပ်တိုးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၃၂၈ ဒသမ ၁ဝ၅ ထပ်မံထည့်သွင်း တောင်းခံခဲ့ခြင်း ဖြစ်ပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးသစ် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် ထပ်မံ တောင်းခံငွေ ကျပ်သန်းပေါင်း ၃၂၈ ဒသမ ၁ဝ၅ သည် ထပ်တိုးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖြစ်ပါကြောင်း နှင့် အဆောက်အအုံဒီဇိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန၏ မူလဆွဲထားသော ဒီဇိုင်း အတိုင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီ(နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အပါအဝင်)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာတို့မှ ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးများက ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အခွန်ကောက်ခံ ရရှိမှု အခြေအနေအစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းတင်ပြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၄/၂ဝ၁၈)ကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ယဉ်ကျေးမှုဝတ္ထုပစ္စည်းများ ခိုးယူမှု သို့မဟုတ် တရားမဝင် တင်ပို့မှုအပေါ်UNIDROIT အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု ကွန်ဗင်းရှင်း(၁၉၉၅)တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ၁၉၉၅ UNIDROITကွန်ဗင်းရှင်း သို့ ဝင်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ပိုင်ဆိုင် သောယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအား တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ လွှဲပြောင်းခြင်းတို့ကို ကာကွယ် ပေးသည့် ကွန်ဗင်းရှင်းမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို သိရှိနိုင်ခြင်း၊ ယူနက်စကို အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကွန်ဗင်းရှင်း တွင် ပါဝင်လက်မှတ်ရေးထိုးပါက အခြားနိုင်ငံများ၌ တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများအား ပြန်လည်တောင်းခံ လိုပါက ကွန်ဗင်းရှင်းပါ ဖော်ပြချက်များနှင့်အညီ သံတမန် နည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း ပြန်လည်တောင်းဆိုနိုင်မည် ဖြစ်ပြီး ကွန်ဗင်းရှင်းဝင်နိုင်ငံများနှင့်လည်း ယဉ်ကျေးမှု ဆိုင်ရာကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ် ခြင်း၊ အခြားတစ
်နိုင်ငံသို့ ရောက်ရှိနေသော ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများကို တရားမဝင် တင်ပို့ရောင်းချခြင်းမှ ကာကွယ်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လျော်သည့် အမျိုးသားဥပဒေ မူကြမ်းရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။
ထို့ပြင် ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို ထိန်းသိမ်းရန် ပြတိုက်များ၊ စာကြည့်တိုက်များ၊ မော်ကွန်း တိုက်များ၊ ဓာတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်အောင် တည်ထောင်နိုင်ရေးအတွက် အကူအညီများရရှိနိုင်မည် ဖြစ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ် များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်စေပြီး ယဉ်ကျေးမှု အမွေအနှစ်များကို စိတ်ဝင်စားအောင် လှုံ့ဆော်ပေးနိုင်မည် ဖြစ်ခြင်း၊ မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် ပျောက်ဆုံးခဲ့ သော အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများသည် နိုင်ငံခြားတိုင်းပြည်များသို့ တရားမဝင် ရောက်ရှိနေသည့် အတွက် မြန်မာ့အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များအား ပြန်လည်ရရှိနိုင်ရန် အဆိုပါ ၁၉၉၅ ကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ယင်းကွန်ဗင်းရှင်း မူဘောင် နှင့်အညီ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပြန်လည်ရရှိရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ယခု ကွန်ဗင်းရှင်းသို့ ဝင်ရောက်ရာတွင် ထည့်ဝင်ကြေး အဖြစ် နိုင်ငံတော်မှ ပေးသွင်းရန်မလိုအပ်ဘဲ မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်တောင်းခံသည့် အခါ ကုန်ကျမည့် ကုန်ကျစရိတ်များကိုသာ နိုင်ငံတော် အနေဖြင့် သုံးစွဲရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယူနက်စကို အဖွဲ့၏ ကွန်ဗင်းရှင်းတစ်ခုဖြစ်သည့် ယဉ်ကျေးမှုဝတ္ထုပစ္စည်း များ ခိုးယူမှု သို့မဟုတ် တရားမဝင် တင်ပို့မှုအပေါ် UNIDROIT အပြည်အပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(၁၉၉၅) (UNIDROIT Convention on Stolen or Illegally Exported Cultural Objects)ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး ဝင်ရောက်ခွင့်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ထိုင်းနိုင်ငံ ဟွာလင်းမြို့၌ ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံစီးပွားရေးဝန်ကြီး များမှ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီး ၂ဝ၁၂ ခုနှစ် မတ် ၂၉ ရက်တွင် စာချုပ်အာဏာသက်ဝင်ခဲ့ပြီး ဖြစ်ပါကြောင်း။
အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ်အား ၂ဝ၁၄ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများမှ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ဒုတိယအခြေပြစာချုပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Adreferendum ဖြင့် လက်မှတ်ရေးထိုးခဲ့ကြရာ မြန်မာ နိုင်ငံအနေဖြင့် လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် ASEAN Summit တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် အာဏာသက်ဝင်စေ ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ သက်ဆိုင်ရာ ပြည်တွင်း လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီဖြစ်၍ အတည်ပြု ကြောင်း အကြောင်းပြန်ကြားစာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန် အာဆီယံ ဘက်စုံရင်းနှီး မြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြ စာချုပ်အား လွှတ်တော်၏ အတည်ပြုချက် ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment