Tuesday, February 27, 2018

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြေးမုံ၊ မြန်မာ့အလင်း၊ သတင်းဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

Image may contain: 1 person, crowd
နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ကမ္ဘာကသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းမီဒီယာများတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံပိုင်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးသည်လည်း အရေးကြီးသည့်ကိစ္စရပ်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ယနေ့ကျင်းပသည့် နေပြည်တော်ရှိ နိုင်ငံပိုင်သတင်းစာ တိုက်များမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ သည်။
မိမိတို့သတင်းစာများ၏ ဖော်ပြချက်များနှင့် အခြား သော ပြင်ပမီဒီယာများ၏ ဖော်ပြချက်များကို နှိုင်းယှဉ် ပါက သတင်းတန်ဖိုး၊ သတင်းတင်ဆက်ပုံအပါအဝင် နောက်ဆက်တွဲ သတင်းဖော်ပြမှုများမှာလည်း အားနည်း ချက်များ ရှိနေသေးသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်း အချက်များကို အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရန် လိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာ သော ဌာနအလိုက်ဝန်ထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သတင်းစာလုပ်ငန်း သည် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေရခြင်း ဖြစ်သောကြောင့် အင်တာနက်လိုင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက်မူ အခြေခံအဆောက်အအုံများအပြင် လူ့စွမ်းအားအရင်းအမြစ်သည်လည်း အရေးကြီးကြောင်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့တွင် လိုအပ်ချက်များရှိပါက ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံပိုင်သတင်းစာများ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများနှင့် စပ်လျဉ်း၍ ပြုပြင် ပြောင်းလဲသင့်သည်များကို ပြောင်းလဲသွားရန်ရှိကြောင်း ပြောကြားခဲ့ပြီး ကြေးမုံသတင်းစာတိုက်နှင့် မြန်မာ့အလင်း သတင်းစာတိုက်တို့ရှိ သတင်းခန်းများကို လိုက်လံကြည့်ရှု သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက်၊ မြန်မာ့သတင်းစဉ် (ပြည်တွင်း၊ ပြည်ပ)၊ သတင်းဌာနနှင့် နေပြည်တော်သတင်းစာတိုက်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
နိုင်လင်းကြည်

No comments:

Post a Comment