Wednesday, February 28, 2018

ဒီမိုကရေစီနိုင်ငံများတွင် မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဝေဖန်ထောက်ပြရန် သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ်သတ်မှတ်

Image may contain: one or more people
မုံရွာ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မဏ္ဍိုင်ကြီးလေးရပ်တွေ့ဆုံဆွေးနွေးကြရာတွင် ကျေကျေညက်ညက်နှင့် ပြေလည်စွာဆွေးနွေးကြသည်ကို တွေ့ရသည့်အတွက် အအောင်မြင် ဆုံး မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲအဖြစ် မြင်တွေ့ရကြောင်း တွေ့ဆုံပွဲဦးဆောင်သူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်) က ပြောကြားသည်။
''ယခုလောက်မဏ္ဍိုင်လေးရပ်ကျေကျေညက်ညက်ပြေလည်တာ အအောင်မြင်ဆုံး ပဲလို့မြင်ပါတယ်။ ဘာမှ ဖားပြောစရာမရှိ ဘူး။ တစ်ဖက်ကလိုလားချက်တွေ တင်ပြ တယ်။ တစ်ဖက်က တာဝန်ရှိသူတွေက ဒါက တော့ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကိုအာမခံသွားတာ အတော်ကိုတိုးတက်လာတယ်လို့ ပြောရပါမယ်။ ဒီမိုကရေစီ အနှစ် သာရမှာ တစ်ဖက်နဲ့တစ်ဖက် မျှမျှတတ နွေးနွေးထွေးထွေး ဆွေးနွေးသွားတာမြင်ရတာအားရစရာကောင်းပါတယ်'' ဟု သတင်းစာဆရာကြီး ဦးအုန်းကြိုင်က ပြောကြားသည်။
မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဝေဖန်ထောက်ပြရန် သတင်းမီဒီယာများကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ဝေဖန်စောင့်ကြည့်ထောက်ပြခွင့်အာဏာကို အပ်နှင်းထားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဖေဖော်ဝါရီ၂၆ ရက်က မုံရွာမြို့တော်ခန်းမ၌ ကျင်းပ သော စစ်ကိုင်းတိုင်းဒေသကြီး မဏ္ဍိုင် လေးရပ်တွေ့ဆုံပွဲတွင် ပြောကြားသည်။
''ပြည်သူများက မိမိတို့ပေးအပ်တဲ့ အာဏာကို သုံးစွဲသူများက မှန်မှန်ကန်ကန်သုံးစွဲသလား၊ မသုံးစွဲဘူးလား၊ မိမိတို့ဆန္ဒနဲ့လျော်ညီစွာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ပြီး ဝေဖန်ထောက်ပြ ကန့်ကွက် တားဆီးစတဲ့အလုပ်ကို လုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံဖြစ်လာမှာပါ။ ဒီမိုကရေစီနိုင်ငံများ မှာ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဝေဖန်ထောက်ပြဖို့ သတင်းမီဒီယာတွေကို စတုတ္ထ မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ဝေဖန်စောင့်ကြည့်ထောက်ပြခွင့်အာဏာကို အပ်နှင်းထားတာဖြစ်ပါတယ်''ဟု ဒေါက်တာ မြင့်နိုင်က ပြောကြားသည်။
မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် သတင်းစာဆရာကြီးဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)တို့ အမှာစကားပြောကြားဖွင့်လှစ်ကာစစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ဦးခင်မောင်လှတို့ကအမှာစကားအသီးသီးပြောကြားကာ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးကျော်စွာမင်းက ရှင်းလင်းတင်ပြသည်။
မဏ္ဍိုင်လေးရပ် ဆွေးနွေးကြရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့်တရားစီရင်ရေးမဏ္ဍိုင်များမှ တာဝန်ရှိသူများက ဦးစွာဆွေးနွေးတင်ပြကြပြီး သတင်းစာ ဆရာများ၏ လိုအပ်ချက်အကြံပြုဆွေးနွေးမှုများကို နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြသည်။
''နယ်မြေတွေမှာ ဖြစ်တည်နေတဲ့ အခြေအနေတွေအားလုံးကို ပြေပြစ်ချောမော အောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ အဓိကပါ။ ဒီလအစီအစဉ်တွေကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က နေပြည်တော်မှာ မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ အဘက်ဘက်ကကြိုးစားကြတဲ့အရာတွေကို အားလုံးသိအောင် ပြန်ကြားပေးရမှာ မီဒီယာတွေရဲ့တာဝန်ပါ။ ဒါခေတ်အဆက်ဆက်ပါပဲ။တစ်နည်းပြောရရင် လွတ်လပ်ရေးတိုက်ပွဲ တစ်လျှောက်ကနေ ဒီနေ့ထက်ထိ ခေတ်ပြောင်းသွားတဲ့နေရာမှာ သတင်းစာဆရာမပါရတဲ့ခေတ်ဆိုတာမရှိပါဘူး'' ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)
က ပြောသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment