Monday, February 26, 2018

ယီမင်နိုင်ငံ အေဒင်မြို့၌ အသေခံအမြွှာဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့ ကြေညာ

Image may contain: one or more people and outdoor
အေဒင် ဖေဖော်ဝါရီ ၂၅
ယီမင်နိုင်ငံတောင်ပိုင်းမှ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် အေဒင်မြို့၌ ဖေဖော်ဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့သော အသေခံအမြွှာ ဗုံးဖောက်ခွဲမှုကို ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်)က ကြေညာခဲ့သည်။ ယင်းအသေခံ အမြွှာ ဗုံးဖောက်ခွဲမှုသည် အေဒင်မြို့ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့ ဌာနချုပ်အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
အိုင်အက်စ်အဖွဲ့က ၎င်းဖောက်ခွဲတိုက်ခိုက်မှုနှစ်ရပ် နှင့်ပတ်သက်သည့် ထိခိုက်သေကျေမှုများကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေ။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)က ထောက်ခံအားပေးမှုပြုထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့ဌာနချုပ်အား အသေခံဗုံးဖောက်ခွဲ ရေးသမားနှစ်ဦးက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင် ထားသည့် မော်တော်ယာဉ်များဖြင့် ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အေဒင်မြို့မှ သတင်းရင်းမြစ် များက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယီမင်တပ်ဖွဲ့ဝင်ငါးဦး သေဆုံးပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရခဲ့သည်။ ပေါက်ကွဲမှုနှစ်ခုသည် အေဒင်မြို့ရှိ ခွဲထွက်ရေးလိုလားသည့် ယီမင်တောင်ပိုင်း အသွင် ကူးပြောင်းရေးကောင်စီရုံးဝင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့ဌာနချုပ်အနီးရှိ ယီမင်တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီရုံးဝင်းတွင် လုံခြုံရေးတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေပြီး အဆောက်အအုံနှစ်ခုအား စီးနင်းတိုက်ခိုက်ရန် ကြိုးပမ်းနေ သည့် စစ်သွေးကြွများအား ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယီမင်အခြေစိုက် အယ်လ်ခိုင်ဒါအဖွဲ့ခွဲနှင့် အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ရေးအဖွဲ့(အိုင်အက်စ်)နှစ်ဖွဲ့တို့သည် မော်တော်ယာဉ်များပေါ်တွင် ဖောက်ခွဲရေး ပစ္စည်းများတင်ဆောင်ကာ အေဒင်ပြည်နယ်တွင်း၌ အလားတူ တိုက်ခိုက်မှုများလုပ်ဆောင်လေ့ရှိသည်။
အေဒင်မြို့သည် ယီမင်နိုင်ငံတောင်ပိုင်းရှိ ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်ပြီး ယီမင်နိုင်ငံ၏ယာယီမြို့တော်အဖြစ် ယူဆရကာ ဆော်ဒီအာရေဗျနိုင်ငံက ထောက်ခံအားပေး ထားသည့် ယီမင်အစိုးရအဖွဲ့က ၂ဝ၁၅ ခုနှစ်ကတည်းကပင် ယင်းမြို့၌ အခြေစိုက်ခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းကပင် အယ်လ်ခိုင်ဒါအဖွဲ့၏အာရေဗျကျွန်းဆွယ်အဖွဲ့ခွဲ(အေကျူအေပီ)နှင့် အစ္စလာမ္မစ် နိုင်ငံတော် ထူထောင် ရေးအဖွဲ့(အိုင်အက်စ်)အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းများက ယီမင်နိုင်ငံ တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားလျက်ရှိကြသည်။
ဆင်ဟွာ။

No comments:

Post a Comment