Monday, February 26, 2018

ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ဒုတိယမြောက် အဆင့်မြင့်ရုပ်ရှင်ရုံသစ် ဖွင့်လှစ်

Image may contain: one or more people and outdoor
တောင်ကြီး ဖေဖော်ဝါရီ ၂၅
ရုပ်ရှင်ချစ်ပရိသတ်များ သုတ၊ ရသ၊ ဟာသ စုံလင်စွာ ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်ရန် ခေတ်မီပြစက် အသံ စနစ်များ ပါဝင်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဒုတိယမြောက် အဆင့်မြင့်ရုပ်ရှင်ရုံသစ်ဖြစ်သော တောင်ကြီးမြို့ အေးသာယာမြို့သစ် အမှတ်(၄)ရပ်ကွက်ရှိ Paradiso(အေးသာယာ)3D အဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးကို ယနေ့ နံနက်ပိုင်းတွင် အေးသာယာမြို့အဝင်မုခ်ဝအနီးရှိ အဆိုပါရုပ်ရှပ်ရုံ၌ ကျင်းပရာ ရှမ်းပြည်နယ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် နာမည်ကျော် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အေးသာယာရုပ်ရှင်ရုံသည် မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Paradiso Cinemas Co., Ltd.မှ မြန်မာနိုင်ငံအတွင်း ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသော ရုံများထဲတွင် တစ်ရုံအပါအဝင်ဖြစ်ပြီး အောင်ပန်းရုပ်ရှင်ရုံပြီးလျှင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ဒုတိယမြောက် ရုပ်ရှင်ရုံဖြစ်ကာ ရုံ ၁ဝဝ စီမံကိန်းအတွက် ၁၃ ရုံမြောက် ဖွင့်လှစ်သော ရုပ်ရှင်ရုံသစ်လည်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း မြို့ကြီးများတွင် ယခင်က ရုပ်ရှင်ရုံများရှိခဲ့ပြီး ယခုဆိုလျှင် မြို့အတော်များများတွင် ရုပ်ရှင်ပြသမှုမရှိတော့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ တောင်ကြီးမြို့တွင် မြသုခရုပ်ရှင်ရုံတစ်ရုံရှိပြီး လူနေထူထပ်သည့် အေးသာယာ၊ ရွှေညောင်မြို့များတွင် ရုပ်ရှင်ရုံလိုအပ်မှုရှိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း၊ မည်သည့်ဖျော်ဖြေရေးများရှိရှိ ရုပ်ရှင်ရုံအတွင်း ကြည့်ရှု ရသည့် အရသာကို ရုပ်ရှင်ရုံရှိမှသာ ကြည့်ရှုခံစားနိုင် မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အေးသာယာမြို့အတွက် ပြည်သူလူထုအပန်းဖြေနိုင်မည့် ရုပ်ရှင်ရုံသစ်ပေါ်ထွန်း လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ဒေါက်တာညီညီအောင်က ပြောသည်။
Paradiso 3D ရုပ်ရှင်ရုံကြီးများကို မှော်ဘီ၊ မုံရွာ၊ ဖျာပုံ၊ အောင်ပန်း၊ ကျောက်ပန်းတောင်း၊ သထုံ၊ ရွှေဘို၊ ဘိုကလေး၊ မတ္တရာ၊ မော်လမြိုင်၊ ကလေးနှင့် မအူပင်မြို့တို့ တွင် အောင်မြင်စွာဖွင့်လှစ်ခဲ့ရာ ယခုအခါတွင်လည်း အေးသာယာအဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ဆက်လက်၍ ပျဉ်းမနား၊ ရမည်းသင်း၊ ဟင်္သာတနှင့် အခြားမြို့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ရုံသစ်များ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်က ''အရင်က ရုပ်ရှင်ရုံပေါင်း ၄ဝဝ ကျော်ရှိခဲ့ပါတယ်၊ ၁၉၆၈ ခုနှစ်မှာ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အတွက် ရုပ်ရှင်ဟာ မှေးမှိန်သွားခဲ့တယ်၊ လက်ရှိမှာ ရုပ်ရှင်ရုံ ၄ဝ တောင် မပြည့်တော့ပါဘူး၊ အဲဒီအတွက် ရုပ်ရှင်လောက သားတွေပူးပေါင်းပြီး ရုပ်ရှင်ရုံမရှိတဲ့ နေရာတွေမှာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ရုပ်ရှင်ကားတွေကို ပြသနိုင်ရေး ရည်ရွယ်ချက်တွေနဲ့ ရုပ်ရှင်ရုံ ၁ဝဝ ဖြစ်အောင် ကြိုးစားဆောက်လုပ်နေတာပါ၊ ရုပ်ရှင်ရုံတွေရှိမှသာ ရုပ်ရှင်ဆိုတဲ့ရသကို ပြည်သူတွေ အပြည့်အဝခံစားနိုင်မှာပါ''ဟု ပြောသည်။
အေးသာယာရုပ်ရှင်ရုံတွင် ဓားဖိုးကင်းရုပ်ရှင် ဇာတ်ကား ရုံတင်ပြသလျက်ရှိပြီး နေ့စဉ်ပြသမည့်ပွဲချိန် များမှာ တနင်္လာမှ သောကြာအထိ မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၆ နာရီခွဲ နေ့စဉ် ပွဲချိန်နှစ်ပွဲသာ ပြသလျက်ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် မွန်းလွဲ ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲ ပွဲချိန်သုံးပွဲ ပြသမည်ဖြစ်ရာ ည ၉ နာရီခွဲ ပွဲစဉ်ကိုလည်း လိုအပ်သလို တိုးမြှင့်ပြသပေးသွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများ အနေဖြင့်2Dရုပ်ရှင်ဇာတ်ကားများကို ငွေကျပ် ၁၂ဝဝ၊ ၁၇ဝဝ၊ ၂၂ဝဝ နှင့် နှစ်ယောက်တွဲခုံ ငွေကျပ် ၅၄ဝဝ သတ်မှတ်ထားကာ 3D ရုပ်ရှင်ဇာတ်ကားများအတွက် ငွေကျပ် ၁၅ဝဝ၊ ၂ဝဝဝ၊ ၂၅ဝဝ နှင့် နှစ်ယောက်တွဲခုံ ငွေကျပ် ၆ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
အေးမင်းသူ

No comments:

Post a Comment