Tuesday, February 27, 2018

ပြုံချမ်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image may contain: crowd and stadium

ဆိုးလ် ဖေဖော်ဝါရီ ၂၆
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်း အိုလံပစ် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြောင်း ယနေ့သတင်းများ အရသိရသည်။
ဖေဖော်ဝါရီ ၂၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် အိုလံပစ်အားကစားပြိုင်ပွဲ အားကစားကွင်းကြီး၌ ပိတ်ပွဲအခမ်းအနား ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်း အနားတွင် ကိုရီးယားနှစ်နိုင်ငံ အားကစား သမားများ စုပေါင်းချီတက်ပုံကို ထပ်မံမြင် တွေ့ခဲ့ရကြောင်း မီဒီယာများက ရေးသား ဖော်ပြကြသည်။ နှစ်နိုင်ငံအားကစားသမားများ ချီတက်လာစဉ် ပရိသတ်များက 'နှစ်နိုင်ငံ မဟုတ်၊ တစ်နိုင်ငံတည်း' ဟု ချီးမွမ်းသြဘာ ပေးခဲ့ကြသည်။
ပြုံချမ်း အိုလံပစ်အားကစားပြိုင်ပွဲသည် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် အမေ ရိကန်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာမှု များ မြင့်တက်ချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် ပြုံချမ်းအားကစားပြိုင်ပွဲတွင် ကိုရီးယားနှစ်နိုင်ငံအားကစားသမားများ စုပေါင်း ကာ အားကစားပြိုင်ပွဲများတွင် အနိုင်ယူ အောင်ပွဲဆင်နိုင်ရန် ပူးပေါင်းကြိုးစားခွင့် ရရှိ ခဲ့သည့်အတွက် အဆိုပါအားကစားပြိုင်ပွဲသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန် စေရန် ပေါင်းကူးပေးခဲ့ပြီ ဖြစ်သည်။
ပြုံချမ်း အိုလံပစ် အားကစားပြိုင်ပွဲပိတ်ပွဲ အခမ်းအနားသို့ ပရိသတ် ၃၅ဝဝဝ ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ တက်ရောက်သူများအနက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏သမီး အီဗန်ကာထရန့် လည်း ပါဝင်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံ အမျိုးသမီး ဟော်ကီ အားကစားသမားများသည် နှစ်နိုင်ငံကိုယ်စား ပြုသည့် အလံတစ်ခုတည်းကိုသာ ကိုင်ဆောင် ကာ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားတွင်သာမက ပိတ်ပွဲအခမ်းအနားတွင်ပါ စုပေါင်းချီတက်ခဲ့ကြသည်။
အဆိုပါအားကစားပွဲသို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမ ဖြစ်သူ ကင်ယိုဂျောင် အပါအဝင် အရာရှိကြီးများနှင့် သံစုံတီးဝိုင်းအဖွဲ့ဝင်များ လာရောက်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က တောင်ကိုရီးယား သမ္မတ မွန်းဂျေအန်နှင့် တွေ့ဆုံခဲ့သည်။
ဖျော်ဖြေ
ပိတ်ပွဲအခမ်းအနားကို ရောင်စုံမီးများ ထိန်လင်းကာ မီးရှူး၊မီးပန်းများဖြင့် လှပ ခံ့ညားစွာ ကျင်းပခဲ့သည်။ ကိုရီးယား အက အဖွဲ့များ၊ အဆိုတော်များ၊ ရုပ်သေးအဖွဲ့များ စသည့် ရိုးရာ ယဉ်ကျေးမှုအဖွဲ့သားများက ဖျော်ဖြေခဲ့ကြသည်။
ပြုံချမ်း အိုလံပစ်အားကစားပွဲတော်ပြီးနောက် ၂ဝ၂ဝ ပြည့်နှစ် နွေရာသီ အားကစားပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ ပြုံချမ်းအားကစား ပွဲတော်အတွင်း ရရှိခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မှုကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေ အန်းက ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment