Tuesday, February 27, 2018

ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ထန်တလန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Image may contain: 1 person, standing, sky and outdoor
ဟားခါး ဖေဖော်ဝါရီ ၂၆
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၅ ရက်တို့တွင် ထန်တလန်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင်Royal Shine Star Co.,Ltd. ကုမ္ပဏီ လီမိတက်မှ ကုန်ကျတန်ဖိုးငွေကျပ် သန်း ၃၄ဝဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လမှစတင်၍ တာဝန်ယူတည်ဆောက် ခဲ့သော အရှည် ပေ ၂ဝဝရှိ သံကူ ကွန်ကရစ်အမျိုးအစား ဇဲဖိုင်-စကျဲ့ ကြား၊ လအော်ချောင်းကူးတံတား နေရာသို့ ရောက်ရှိကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ထန်တလန်မြို့နယ် ဝေါင်သူးရွာအနီး အာလ်ဘိခ့် တံတား (လအော်ချောင်း)သို့ ရောက်ရှိကြရာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးနှင့် ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံးတို့က တံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ကြိုဆိုနှုတ်ဆက် ကပြကြသည်။
ပြည်နယ် ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ထန်တလန်မြို့နယ် ဇဲဖိုင် (က)ကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ) ခန်းမဆောင်၌ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များကို ထန်တလန်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးစွမ်းထက်က ဖြည့်စွက် ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီး ချုပ်က သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇဲဖိုင်(က)ကျေးရွာရှိ ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းအတွက် ဆိုလာပြားများ တပ်ဆင်အသုံးပြုနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ဇဲဖိုင်(ခ) ကျေးရွာ စိမ့်စမ်းရေသွယ် သောက်သုံးရေပေး ရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် ကြောင်ထီးယား ကျေးရွာရှိ ဇိုဖေနှစ်ခြင်းခရစ်ယာန် နယ်အဖွဲ့ခန်းမ၌ ဒေသခံတိုင်းရင်း သားပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment