မန္တလေး ဖေဖော်ဝါရီ ၂၅
ရက်ကန်းလက်မှုပညာရပ်များ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရိုးရာအခြေခံသည့် ခေတ်မီဆန်းသစ်သော လက်ရက်ကန်းထည် များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် လက်ခတ် သံစီမံချက်ဖြင့် သုံးနှစ်အတွင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံချက်အရ ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် UK နိုင်ငံမှ ပညာရှင်နှစ်ဦးက လက်ရှိ ရက်ကန်းကျောင်းများတွင်ရှိသော သင်ရိုးညွှန်းတမ်းများ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့ ၏ အကြံပေးချက်ဖြင့် ရိုးရာအခြေခံသော ဒီဇိုင်းသစ်များဖြင့် တီထွင်ထုတ်လုပ်နိုင်စေရန် အထည်အလိပ် ဒီဇိုင်းဆိုင်ရာ သင်ကြားရေး ဆွေးနွေးပွဲကို ဇန်နဝါရီလတွင် တစ်နိုင်ငံလုံးရှိ ရက်ကန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ဆွေးနွေးပွဲကို ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံကျောင်းတွင် ပြုလုပ်ခဲ့သည့်အပြင် ယခုအခါ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ရက်ကန်းထည် ဆိုင်ရာပြပွဲနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဗြိတိသျှကောင်စီ မြန်မာမှ စီမံကိန်းမန်နေဂျာ ဒေါ်နေခြည်သွင်က ပြောသည်။
''မြန်မာ့ရက်ကန်း အတတ်ပညာကို ကမ္ဘာကသိအောင် ဖော်ထုတ်ပြသချင်လို့ ဒီပြပွဲကို ကျင်းပပေးတာပါ၊ ရက်ကန်းထည်နဲ့ ပတ်သက်ပြီး ပညာရှင်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲတွေကိုလည်း ထည့်သွင်းပြုလုပ်တာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဒီသုံးနှစ်အတွင်းမှာ သင်ရိုးညွှန်းတမ်းတွေ အဆင့်မြှင့်ပြီး ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးမယ့် အစီ အစဉ်တွေ၊ ရက်ကန်းပညာနဲ့ ပတ်သက်လို့ ကိုးကားချက်တွေကို အလွယ်တကူရရှိနိုင်ဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်''ဟု ၎င်းက ပြောသည်။
ထို့အပြင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံကျောင်းအုပ်ကြီး ဒေါ်တင့်တင့်ကလည်း ''ဒီလက်ခတ်သံ စီမံ ချက်က လက်ရက်ကန်းဆိုင်ရာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ခေတ်နဲ့အညီ ထွက်ပေါ် လာစေဖို့အတွက် ရည်ရွယ်တာပါ၊ ဒါကြောင့် လက်ရက်ကန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဗြိတိသျှ ကောင်စီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေသလို ကျွန်မတို့ကျောင်းမှာလည်း ရိုးရာရက်ကန်း ထည်ကဏ္ဍ ဖော်ထုတ်မြှင့်တင်ပေးနေတဲ့အပြင် ခေတ်မီနည်းပညာရပ်တွေကိုလည်း သင်ကြား ပေးနေပါတယ်''ဟု ပြောသည်။
အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံတွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသော လက်ခတ်သံ ရိုးရာလက်ရက်ကန်းထည်ဆိုင်ရာ ပြပွဲနှင့် ဆွေးနွေးပွဲကို ဗြိတိသျှကောင်စီ ၊Swiss agency for development and cooperation, embassy of switzerland နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါပြပွဲတွင် လုပ်ငန်းရှင် ၁၁ ဦး၏ ရက်ကန်းထည်များကို ဖော်ထုတ်ပြသထား ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
No comments:
Post a Comment