Monday, February 5, 2018

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် သံဃာတော်အပါး ၁ဝဝဝ အား ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား ကျင်းပ

Image may contain: 1 person, indoor
နေပြည်တော် ဖေဖော်ဝါရီ ၎
မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ ပူးတွဲ၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော် အပါး ၁ဝဝဝ အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများတက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နှစ်နိုင်ငံ တပ်မတော်အရာရှိကြီး များသည် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်အပါး ၁ဝဝဝ အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ဆက်လက်၍ မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်မိသားစုများ ပူးတွဲ၍ သံဃာတော်အပါး ၁ဝဝဝ အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနား ကျင်းပ သည်။
အခမ်းအနားတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြား ကပ်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများနှင့် မဟာပရဟိတမိဘမဲ့ဂေဟာ (စမတောင်)တို့အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာ ကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများသည် မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြု သော ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

No comments:

Post a Comment