Thursday, February 1, 2018

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေး အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိ

Image may contain: car, text and outdoor
နေပြည်တော် ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ယိုးငူ ကျေးရွာနှင့် အောင်ဖြူပင်ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်(၁၆၉/ဝ)နှင့် (၁၆၉/၁)ကြား၌ ယာဉ်တစ်စီး လမ်းဘေးထိုးကျနေပြီး ယာဉ်ဘေး၌ လူတစ်ဦးလဲနေကြောင်း သတင်းအရ ဇန်နဝါရီ ၃ဝ ရက် ညနေ ၆ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ CRV ယာဉ်တစ်စီး လမ်းယာ ဘက်ဘေး ရေမြောင်းအတွင်း၌ ကျောက်တော်ဘက်မှ ပုဏ္ဏားကျွန်းမြို့ဘက် သို့ ဦးတည်လျက် တိမ်းစောင်းနေကာ ယာဉ်အောက်၌ အမျိုးသားတစ်ဦး ပိမိသေဆုံးနေပြီး အနီးတွင် လက်ကိုင်ဖုန်းလေးလုံးနှင့် ငွေ၊ ပစ္စည်းအချို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူအား စစ်ဆေးရာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲယာ နို့အုံအောက် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ဝဲယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံး ပြတ်ရှဒဏ်ရာတစ်ချက်တို့ တွေ့ရှိရပြီး ယာဉ်ရှေ့ခန်း ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိရသည့် စာရွက်စာတမ်းများအရ သေဆုံးသူ မှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးဘိုဘိုမင်းသိုက် (လက်ရှိ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး) ဖြစ်သည်ဟု သိရှိရကြောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က အလောင်းအား ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်နေစဉ် ကျန်ရှိခဲ့သည့် မော်တော်ယာဉ်မှာ မီးလောင်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမှု ခံယူရန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ပြန်လည် ရောက်ရှိပြီး စစ်ဆေးခံခဲ့ကာ ဇန်နဝါရီ ၃ဝ ရက်တွင် စစ်ဆေးခံမှု ပြီးစီး၍ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့သို့ ပြန်ရန် CRV မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း၊ အဆိုပါ မော်တော်ယာဉ်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်)ပိုင် လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နှင့်အတူ ဦးကျော်မြင့်၏ သားနှင့် အခြားလူငယ် တစ်ဦး လိုက်ပါသွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်၏ သားအပါအဝင် လူငယ်နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ မျက်မြင်သက်သေအချို့၏ ပြောပြချက်အရ မော်တော်ယာဉ်ပေါ်တွင် ဦးဘိုဘိုမင်းသိုက်ပါ လေးဦးပါရှိပြီး ဦးဘိုဘိုမင်းသိုက်မှာ ကားမှောက်၍ ပိမိသေဆုံးခဲ့ကာ ကျန်သုံးဦးမှာ ကားလမ်းအနောက်ဘက်ရှိ တောင်ပေါ်သို့ တက်ပြေးသွားကြောင်း၊ ခဏအကြာတွင် မော်တော်ဆိုင်ကယ်ဖြင့် လူနှစ်ဦး ရောက်ရှိလာပြီး မော်တော်ယာဉ်အား မီးရှို့သွားကြောင်း သိရှိရသည်။
ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက် ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၄၄ဝ/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment