Tuesday, February 27, 2018

မောင်တောမြို့တွင် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ နောက်ဆုံးဘာသာရပ် ဖြေဆို

Image may contain: 2 people, people sitting, table and indoor
မောင်တော ဖေဖော်ဝါရီ ၂၆
အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ ကို တစ်နိုင်ငံလုံး အတိုင်းအတာအား ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၌ ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ တစ်ပြိုင်တည်းဖြေဆို လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တော မြို့တွင်လည်း အဋ္ဌမတန်း အတန်းတင် စာမေးပွဲ နောက်ဆုံးဘာသာရပ်ကို ယနေ့နံနက်ပိုင်းက ဖြေဆိုကြသည်။
''စတုတ္ထတန်းနဲ့ အဋ္ဌမတန်းစာမေးပွဲ ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင်ဖြေ ဆိုကြတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ စတုတ္ထတန်းစာမေးပွဲဖြေ ဆိုမှု ပြီးစီးခဲ့ပါတယ်။ အဋ္ဌမတန်း ကတော့ နောက်ဆုံးဘာသာရပ်ကို ဒီနေ့ ဖြေဆိုနေကြတာဖြစ်ပါတယ်''ဟု ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုမှုနှင့် ပတ်သက်၍ မောင်တောမြို့ အထက(၂)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်သိန်း က ပြောသည်။
မောင်တောမြို့ အထက(၁)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့် သိန်းက ''အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ကြရတဲ့ ဟိန္ဒူဘာသာဝင်တွေကို အထက(၁)မှာ ယာယီထားရှိတဲ့ အတွက် အထက(၁)က ကျောင်းသား ကျောင်းသူတွေကို အထက(၂)ကျောင်းရဲ့အပေါ်ထပ်မှာ ဖြေဆိုစေ ပါတယ်၊ အောက်ထပ်မှာတော့ အထက(၂)က ကျောင်းသား ကျောင်းသူတွေ ဖြေဆိုကြပါတယ်၊ တစ်ကျောင်းတည်းမှာပဲ စာစစ်ဌာန နှစ်ခုကို အဆင်ပြေအောင်ထားရှိ လုပ်ဆောင်ခဲ့ပါတယ်'' ဟု ပြောသည်။
မောင်တောမြို့နယ် အတွင်း၌ စတုတ္ထတန်း ကျောင်းသား ကျောင်းသူ ၃၁၄ဝ ကျော် ရှိပြီး စာစစ်ဌာန ၉၃ ခု ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူ ၁၇ဝဝ ကျော် ဖြေဆိုခဲ့ကြောင်း၊ အဋ္ဌမတန်းဖြေဆိုရန် စာစစ်ဌာန ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၅၄၁ ဦးရှိသည့်အနက် ဖြေဆိုသူ ၇၇၇ ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှတ်တမ်းများ အရ သိရသည်။
ထို့ပြင် လာမည့် မတ် ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ဝင်ခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်ထုတ်ပေးလျက်ရှိ ကြောင်း၊ မောင်တောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ် ဌာနသုံးခု ဆောင်ရွက်ထားကြောင်း၊ အထက(၁)တွင် စာစစ်ဌာနနှစ်ခုနှင့် အထက(၂)တွင် တစ်ခုတို့ ဖြစ်ကြောင်း၊ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူအရေအတွက်မှာ စာစစ် ဌာနသုံးခုပေါင်း ၈၇၈ ဦးခန့်ရှိနိုင် ကြောင်း၊ အရေအတွက် အပြောင်း အလဲရှိနိုင်ကြောင်း တက္ကသိုလ်ဝင် စာမေးပွဲအခြေအနေနှင့်ပတ်သက်၍ မောင်တောမြို့နယ် ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
သတင်း-ဟိန်းထက်ဇော်
ဓာတ်ပုံ-ရာမည

No comments:

Post a Comment