Thursday, February 1, 2018

လအပြည့်ကြတ်မှုကို မြန်မာတစ်နိုင်ငံလုံး ထူးကဲစွာမြင်တွေ့ရ

Image may contain: night and sky
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တပို့တွဲလပြည့်နေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် ညနေမိုးချုပ် နေဝင်ပြီးသည်နှင့် လထွက်လာသောအခါ ကြိုတင်အသိပေးထားသော လကြတ်မှုဖြစ်စဉ်ကို မြန်မာတစ်နိုင်ငံလုံး စတင်မြင်တွေ့ကြရကြောင်း သိရသည်။
ယနေ့ည လစထွက်ပြီးနောက် ညနေ ၆ နာရီ ၁၈ မိနစ်တွင် လကြတ်စပြုပြီး ည ၇ နာရီ ၅၉ မိနစ်တွင် လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ည ၉ နာရီ ၁၁ မိနစ်တွင် လကြတ်ခြင်းပြီးဆုံးသွားသည်။ ယနေ့ လကြတ်မှုဖြစ်စဉ်ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရန်ကုန်မြို့နေပြည်သူများက လာရောက်ကြည့်ရှု ကြပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကလည်း မိမိတို့နေထိုင်ရာ နေရပ်အသီးသီးမှ ကြည့်ရှုခဲ့ကြသည်။ ယခုလကြတ်မှုဖြစ်စဉ်သည် နှစ်ပေါင်း ၁၅၂ နှစ်ကြာမှ တစ်ကြိမ် ဖြစ်သည့် ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခုဖြစ်သည်။ ထိုသို့ လကြတ်မှုသည် ၁၈၆၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့သည်။ လကြတ်မှု ဖြစ်စဉ်တွင်Blue moon, Super moon, Blood moon အဆင့်ဆင့် ဖြစ်ပေါ် ခဲ့သည်။
လကြတ်ခြင်းမှာ နေ၊ ကမ္ဘာ၊ လတို့ တစ်တန်းတည်း တိတိပပ ကျရောက်သော အချိန်တွင် လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်သည်။ လကြတ်ခြင်းကို မြန်မာ တစ်နိုင်ငံလုံး မြင်တွေ့ခဲ့ကြရပြီး အခြားနိုင်ငံများကလည်း မြင်တွေ့ခဲ့ကြကြောင်းနှင့် လကြတ်ခြင်းဖြစ်စဉ် အသေးစိတ်ကို အာကာသသိပ္ပံ နာဆာက အသေးစိတ်မှတ်တမ်း တင်ထားကြောင်း သိရသည်။
သတင်း-ဇာဏီ၊ ဓာတ်ပုံ-ကြေးမုံအဖွဲ့

No comments:

Post a Comment