Sunday, February 4, 2018

မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

Image may contain: 4 people, people standing, sky and outdoor
မောင်တော ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့တွင် မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် အဖွဲ့ သည် အေးရှားဝေါလ်ဖောင်ဒေးရှင်းက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းသို့ ရောက်ရှိ ကြရာ စီမံကိန်းအင်ဂျင်နီယာ ဦးအောင်စိန်က လမ်းအဆင့်မြှင့်တင်ရာတွင် အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်နေမှု အခြေအနေများ၊ စီမံကိန်းလက်ရှိဆောင် ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို အကြံပြုပြောကြားသည်။
UEHRDစီမံကိန်းလက်အောက်ရှိTask Force ကိုးခုအနက် တစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလလယ် ကပင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လမ်းအကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ ကွန်ကရစ် လမ်းအမျိုးအစားဖြစ်ပြီး ၄၉ မိုင် ၆ ဖာလုံ ရှည်လျားကာ လုပ်ငန်းခွင်တွင် စက်ယန္တရား ၂ဝဝ နီးပါးနှင့် လုပ်သားဦးရေ ၁၅ဝဝ နီးပါး အသုံးပြု၍ တစ်နေ့လျှင် အလုပ်ချိန် နှစ်ချိန်ခွဲ၍ နေ့၊ ည အကောင် အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အငူမော် - မောင်တော လမ်း ခင်းကျင်းမှု ဆောင်ရွက်နိုင်ရန်အတွက်Batching Plant ကွန်ကရစ် ဖျော်သည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် မြင်းလွတ်ကျေးရွာသို့ ရောက်ရှိကြပြီး မြေနေရာ ရှင်းလင်းနေ မှုအခြေအနေများနှင့် ကင်းချောင်းကျေးရွာအတွင်းရှိ ARGဆန်စက်၏ ဆန်ခွဲ ကြိတ်မှုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် နေရပ်စွန့်ခွာသူများအား ယာယီနေရာချထားမည့် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြရာ စခန်း တာဝန်ရှိသူတစ်ဦးက တစ်ဆောင်လျှင် ခြောက်ဦး နေထိုင်နိုင်သည့် ရှစ်ခန်းတွဲ အဆောက်အအုံ ၁၅၉ လုံး တည်ဆောက်နေသည့် အခြေအနေ၊ ယာယီတဲအပါ အဝင် အဆောက်အအုံ တည်ဆောက်ပြီးစီးနိုင်မှု အနေအထားအရ လာမည့် အပတ်တွင် လူဦးရေ ၈ဝဝဝ ခန့် နေထိုင်နိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက လျှပ်စစ်သွယ်တန်းမှုအခြေ အနေများ၊ လမ်းအခြေအနေများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြား ခဲ့သည်။
အောင်ရဲသွင်၊ ကိုမင်း၊ ဓာတ်ပုံ-အောင်မင်း

No comments:

Post a Comment