Sunday, February 4, 2018

ရုပ်ရှင်အနုပညာသမားများက ရိုက်ကူးထုတ်လုပ်လိုက်သည့် အနုပညာလက်ရာသည် ပရိသတ်ကို တာဝန်ခံရမှာဖြစ်

Image may contain: 4 people, people standing, people sitting, crowd, flower and indoor
ရန်ကုန် ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်Forever Group ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ (Forum on the Transformation of Censorship System) ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ PARKROYALဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကားပြောကြားရာတွင် ''စာပေကို ပုံနှိပ်ခြင်း မပြုမီ ကြိုတင်စိစစ်တဲ့စနစ်ကတော့ ကမ္ဘာမှာ လွတ်လပ်ခွင့် အင်မတန် နည်းပါးတဲ့ တိုင်းပြည်တွေမှာသာ ကျင့်သုံးတာဖြစ်ပါတယ်။ သို့သော် ရုပ်ရှင်မှာတော့ ဆင်ဆာကို ကမ္ဘာမှာ အလွတ်လပ်ဆုံးဆိုတဲ့ တိုင်းပြည်တွေမှာလည်း ကျင့်သုံးနေသေးတာတွေ ရှိပါတယ်။ သို့သော် ကျင့်သုံးရာမှာ စနစ်တွေ၊ နည်းစနစ်တွေတော့ ကွာခြားသွားတာတွေတော့ ရှိပါတယ်။
''ကျွန်တော်တို့ ဒီနေ့ Transformation of Censorship System နဲ့ ပတ်သက်ပြီး ရုပ်ရှင်မှာ စိစစ်နေတဲ့ ဆင်ဆာစနစ်ကို ဘယ်လို စနစ်၊ ဘယ်လိုပုံ သဏ္ဌာန်နဲ့ ပြုပြင်ပြောင်းလဲသွားမလဲ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ယမန်နေ့က ဦးဇင်ဝိုင်းအပါအဝင် ရုပ်ရှင်အစည်းအရုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာ ဆင်ဆာက မရှိသင့်ဘူး၊ မလိုအပ်ဘူးဆိုတဲ့ အတိုင်းအတာအထိ တော့ ပြောဆိုတာ မကြားရပါဘူး။ သူတို့လည်း ဒါသည် ရှိတော့ရှိရမယ်။ သို့သော် ဘယ်လိုဘယ်ပုံရှိသင့်တယ်ဆိုတဲ့ အနေအထားမျိုးတော့ ပြောဆိုတာ တွေ့ရပါတယ်။
''ဒီနေ့ ဆွေးနွေးပွဲမှာ နိုင်ငံခြားပညာရှင်တွေလည်း ပါတဲ့အတွက် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့စနစ်တွေ၊ ကျွန်တော်တို့ဆီမှာ အရင်ကျင့်သုံးခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အရင်ဖြေလျှော့မယ်၊ နောက်ထပ် ဘယ်လောက်ဖြေလျှော့မလဲ စသဖြင့် ဆွေးနွေးကြလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ဆင်ဆာနဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စ နားလည်သလောက် ပြောမယ်ဆိုရင် အနုပညာသည် အများကြားထဲကို တင်ပြရတာဖြစ်ပါတယ်။ အများကြားထဲကို တင်ပြရတာဖြစ်တဲ့အတွက် တစ်နည်းပြောမယ်ဆိုရင် ရုပ်ရှင်အနုပညာသမားများက ရိုက်ကူးထုတ်လုပ်လိုက်တဲ့ အနုပညာလက်ရာ သည် အစိုးရကို တာဝန်ခံရမှာ မဟုတ်ပါဘူး။ အနုပညာသမားက သူ့လုပ်ရပ် အတွက်ကို အစိုးရ စသဖြင့် အဲဒီလိုအဖွဲ့အစည်းတွေကို တာဝန်ခံရတာ မဟုတ်ပါဘူး။ အများပြည်သူ သို့မဟုတ် ပရိသတ် သို့မဟုတ် လူထု ဒါကို တာဝန်ခံရတာဖြစ်ပါတယ်။
''တာဝန်ခံတယ်ဆိုတာ အဲဒီလူထု လက်ခံနိုင်တဲ့ အတိုင်းအတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ အစိုးရကို တာဝန်ခံရတယ်ဆိုရင် အစိုးရလက်ခံဖို့ လိုပါတယ်။အများပြည်သူကို တာဝန်ခံရတယ်ဆိုတာ အများပြည်သူ လက်ခံဖို့ လိုပါတယ်။ သို့သော် လူနည်းစုလက်မခံပေမယ့် အများစုလက်ခံရင် ကိစ္စ မရှိပါဘူး။ အများစုလက်မခံနိုင်တဲ့ အလုပ်မျိုးကိုတော့ လုပ်လို့မရဘူးဆိုတာ အားလုံးလည်းသိပါတယ်။ အဲဒီလို တာဝန်ခံရတဲ့ အပိုင်းတော့ရှိပါတယ်။
''အနုပညာဖန်တီးသူများသည် မိမိတို့ ပရိသတ်အပေါ်မှာ တကယ်ကတော့ တာဝန်ခံသင့်ပါတယ်။ တာဝန်ရှိတယ်လို့လည်း မြင်ပါတယ်။ တစ်ချိန်တည်းမှာ မိမိတို့ လုပ်ငန်းကြီးတည်တံ့ရေး၊ ထွန်းကားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုလည်း ကြည့်ရှုပြီး မိမိတို့လောကသား အချင်းချင်းကြားထဲမှာလည်း မိမိတို့ ဘာသာထိန်းသိမ်းတဲ့နည်းနဲ့ ကိုယ့်လောကရဲ့ Image ကိုလည်း တည်ဆောက် ရမယ်လို့ မြင်ပါတယ်။ ဒီနည်းနဲ့သာလျှင် အနုပညာကိုဖြစ်စေ၊ ရုပ်ရှင်ကိုဖြစ်စေ ထွန်းကားရှင်သန်နိုင်မယ်လို့ မြင်ပါတယ်။
''ကျွန်တော်တို့သည် လွတ်လပ်မှုကို လိုလားပါတယ်။ လွတ်လပ်မှုကို အားပေးမြှင့်တင်ချင်တဲ့သူတွေ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လည်း ရုပ်ရှင်အပါအဝင် စာပေ စသဖြင့် အနုပညာရပ်တွေ လွတ်လပ်မှု တိုးတက်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးဖို့ အဆင် သင့်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အရင်အစဉ်အဆက်က ရှိခဲ့တဲ့ ဥပဒေ ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်။ ရုပ်ရှင်သမားများနဲ့ ဆွေးနွေးတဲ့အခါ ဆင်ဆာ စနစ်ကိုဖြစ်စေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတွေရဖို့ ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်တဲ့ နည်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင် ဥပဒေ အမြန်ဆုံးပြီးစီးအောင်မြင်အောင် ဆောင်ရွက်ဖို့ လုပ်ဆောင်နေတာ တွေရှိပါတယ်။ ကြားကာလအတွင်းမှာ ဆင်ဆာနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး သက်သာဖို့ ၊ အဆင်ပြေဖို့၊ ပြဿနာနည်းဖို့ကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ ကို ဒီနေ့မှာ ဆွေးနွေးစေချင်ပါတယ်။ ကျွန်တော်တို့လည်း ဆွေးနွေးနေ တာရှိပါတယ်။ ဒီဆွေးနွေးချက်တွေကို အခြေခံသုံးသပ်ပြီး အခုရှိနေတဲ့ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့ ပကတိ လိုအပ်ချက်တွေနဲ့ မူတည်ပြီး အဆင်ပြေအောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်သွားကြမလဲ နည်းလမ်းရှာပြီး အကောင်းဆုံးဖြစ်အောင် အထူးသဖြင့် ဒ
ီကြား ကာလမှာ ဆောင်ရွက်ပါ့မယ်လို့ ပြောချင်ပါတယ်။
''ရုပ်ရှင်အစည်းအရုံးက ပုဂ္ဂိုလ်များအနေနဲ့လည်း စည်းမျဉ်း၊စည်းကမ်း တွေကို သေချာလေ့လာကြည့်ရှုပြီး ရှိနေတဲ့ စည်းကမ်းတွေကို မချိုး ဖောက်ဘဲ အခုရှိတဲ့ အနေအထားထက် ပိုလွတ်လပ်ခွင့်ရအောင် ဘယ်လို လုပ်နိုင်မလဲ နည်းလမ်းများ ရှာကြံပြီး ကျွန်တော့်ကို အကြံပြုပါ၊ ဆွေးနွေးပေးပါ။ အဲလိုဆိုရင် ကျွန်တော်တို့လည်း ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လို့ ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်''ဟု ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်း ၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူ ဦးကြည်စိုးထွန်းတို့က ရုပ်ရှင်ဥပဒေ၊ ဆင်ဆာမူဝါဒများ၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တက်ရောက်လာကြ သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ပြည်တွင်း၊ ပြည်ပမှ အတတ်ပညာရှင်များ၊ ထုတ်လုပ်သူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရုပ်ရှင်လောက၏ အနာဂတ် မျှော်မှန်းချက်ကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ဒါရိုက်တာအလွှာမှ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) အကယ်ဒမီဦးဇော်မြင့်ဦးက ဆင်ဆာမူဝါဒများနှင့် ရုပ်ရှင်လောကသားတို့၏ ဆန္ဒစာတမ်း၊ ဇာတ်ညွှန်းအလွှာမှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရုပ်ရှင်ပညာဌာနမှူး(ငြိမ်း)အကယ်ဒမီ ဦးကိုကိုလေးက ဆင်ဆာမူဝါဒကို လေ့လာသုံးသပ်၍ အကြံပြုတင်ပြခြင်းနှင့် ထုတ်လုပ်သူအလွှာမှ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)ဦးသိန်းထွန်းအောင်က တီထွင် ဖန်တီးထုတ်လုပ်မှု အနုပညာလုပ်ငန်းများနှင့် သက်ဆိုင်သော ဆင်ဆာကြည့်ရှု စိစစ်သည့်အဖွဲ့မှ ထားရှိရမည့် သဘောထား စသည့် စာတမ်းများကို ဖတ်ကြား ကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြန်လည်ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲများ (Forum on the Transformation of Censorship System)ကို ဆက်လက်ကျင်းပရာ ထိုင်းနိုင်ငံ (Head Censorship of CH3,Thailand) မှ Mr. Prapat Supthaveethanakij ၊ ကိုရီးယားနိုင်ငံ (Director – General, Korea Media Rating Board)မှ Choon Sung , HAM ကိုယ်စား Ms.Minhee Kim ၊ ဖိလစ်ပိုင်နိုင်ငံ (Board Member of MTRCB Chairman , The Close – Captioning Committee) မှMs. Elizabeth Rose Siguion – Reyna နှင့် (Board Member of MTRCB Chairman of the Revision of Laws Committee Member of the Adjudication Committee (MTRCB) မှMs. Atty . Maria Gabriela Concepcionတို့က နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အသက်အပိုင်းအခြားပေါ်တွင် သတ်မှတ်သော ဆင်ဆာကြည့်ရှုမှု စစ်ဆေးမှုစနစ်နှင့် ပတ်သက်၍ ပြည်ပ ပညာရှင်များက ရုပ်ရှင်အနုပညာ၊ အတတ်ပညာပိုင်းဆိုင်ရာများကို ဆွေးနွေး တင်ပြကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌနှင့် ရုပ်ရှင်အနု ပညာရှင်များ၊ အတတ်ပညာရှင်များ၊ ထုတ်လုပ်သူများ၊ နိုင်ငံတကာပညာရှင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဆွေးနွေးပွဲနှင့် သင်တန်းများကို ယခုနှစ်အတွင်း ငါးကြိမ်ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့်Forum on the Transformation of Censorship System ဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment