Monday, February 5, 2018

ဟားခါးနည်းပညာတက္ကသိုလ် တည်ဆောက်မည့်နေရာ၊ ဘွေနူးမြစ်ကူးတံတား တည်ဆောက်မည့်နေရာနှင့်ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကြည့်ရှုစစ်ဆေး

Image may contain: 6 people, people standing, outdoor and nature
နေပြည်တော် ဖေဖော်ဝါရီ ၎
ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့ သားဖွားသင်တန်း ကျောင်းဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဘက်စုံသုံး Cyclone Shelter ဆောက်လုပ်မည့် နေရာသို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဘက်စုံကဏ္ဍစုံ အသုံးပြုနိုင်မည်
အဆိုပါ ဘက်စုံသုံး Cyclone Shelter သည် အလျားပေ ၁၇ဝ ရှိပြီး အနံပေ ၁၅ဝ ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်စဉ် ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရုံသာမက ဘက်စုံကဏ္ဍစုံ အသုံးပြုနိုင်မည့် ခန်းမကြီးတစ်ခု အဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးကောလိပ် တိုးချဲ့မြေနေရာ လျာထားမှုနှင့် ဟားခါးနည်းပညာတက္ကသိုလ် တည်ဆောက်မည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရန်လျာထားသည့် အဆောက်အအုံများ၊ မြေနေရာများနှင့် စပ်လျဉ်း၍ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ တင်ပြဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ထန်တလန်မြို့သို့ ရောက်ရှိရာ ဒေသခံပြည်သူ များက ရိုးရာအကအဖွဲ့များဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
နယ်စပ်ကုန်သွယ်ရေးလမ်း
ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ဟားခါး-ဆာဆီချောက် မော်တော်ကားလမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ထန်တလန်မြို့နယ် ထာအိုကျေးရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူများ တင်ပြသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ် ဘွေနူးမြစ်ကူးတံတား တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက အဆိုပါမြစ်ကူး တံတားကို အသုံးပြုပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်စီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အမြန်အကောင်အထည်ဖော် ဆောင်ရွက်စေလို ကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်သွားစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့နယ် သီကီးရ် ရွာသစ်ရှိ ကုန်းမြင့်လယ်ယာမြေ လှေကားထစ်စိုက်ကွင်း ၁ဝ ဒသမ ဝ၈ ဧက နှင့် တောင်ယာစိုက်ကွင်း ၇၃ ဧက ဖော်ထုတ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ဇာဘွဲ့ကွင်း တောင်ယာဧက ၆ဝ ဖော်ထုတ်ဆောင်ရွက်ထားရှိမှု များကို လည်းကောင်း ကြည့်ရှုသည်။
အဆိုပါ ကုန်းမြင့်လယ်ယာမြေ လှေကားထစ်စိုက်ကွင်းနှင့် တောင်ယာ စိုက်ကွင်း ဖော်ထုတ်ဆောင်ရွက်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း ဧက ၅၅ဝ ဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု စုစုပေါင်း ၃၇၂ ဧက ဖော်ထုတ် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာသို့ရောက်ရှိကြရာ ဒေသခံ ပြည်သူများက ရိုးရာအကအဖွဲ့များဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment