ကရင်ပြည်နယ်သံဃနာယကအဖွဲ့၊ မြဝတီမြို့နယ်သံဃနာယကအဖွဲ့နှင့် ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်းတို့မှ ဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာအပါး ၃ဝဝဝ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြတ်စွာဘုရားရှင်အား ကရင်ပြည်နယ် မွန်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး စူဝပ်ဖုန်း ကစ်တိဖပ်ဖိဖုန်း တို့က ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ရန်ကုန်မြို့ ဗဟန်းညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ)ဘဒ္ဒန္တပဝရာဘိဝံသ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းတိုက် နာယကဆရာတော်ကြီး လုံဖောဓမ္မချိုင်ယိုက ကိုယ်တိုင်မြ<ွက ရောက်နိုင်သည့်အတွက် ဆရာတော်ကြီးဟောကြားသည့် အသံဖိုင်အားနာယူခြင်း၊ ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်နာယူခြင်းတို့ ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုးဝ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဖရပ် ခရိုဝိဘူ(န်)နိတိထံ(မ်)ဆရာတော်က သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက် ကြောင်း လျှောက်ထားခြင်း၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင် က သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်ကြောင်း လျှောက်ထားခြင်း၊ တာ့ခ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး စူဝပ်ဖုန်း ကစ်တိဖပ်ဖိဖုန်းက ဝမ်းမြောက် ကြောင်း လျှောက်ထားခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရန်ကုန်မြို့ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)၊ (ဒွိပိဋကဓရ၊ ပါဠိပါရဂူ) ဘဒ္ဒန္တနာဂိတထံမှ တပည့် ဒါယကာ၊ ဒါယိကာမများက ရေစက်သွန်းချ အနုမောဒနာတရားနာကြားကြပြီး မြန်မာနှင့်ထိုင်း သံဃာအပါး ၃ဝဝဝ တို့အား မြန်မာ-ထိုင်း နှစ်နိုင်ငံပြည်သူများက ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံသံဃာများနှင့် ပြည်သူများချစ်ကြည်ရင်းနှီးမှုများ တိုးပွားခြင်း၊ နှစ်နိုင်ငံသာသနာရေး၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာများတိုးတက် မှုမှသည် ခရီးသွားလာရေး၊ ကုန်သွယ်ရေးအထိပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
No comments:
Post a Comment