Wednesday, February 28, 2018

နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဝါယမ၏ ထေရုပ္ပတ္တိအကျဉ်း

Image may contain: 1 person
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ် မင်းကွန်း ထုံးဘိုရွာ ခမည်းတော် ဦးစံရ၊ မယ်တော် ဒေါ်မမကြီးတို့မှ ၁၂၉၂ ခုနှစ် တပို့တွဲ လဆန်း ၄ ရက်နေ့တွင် ဖွားမြင်တော် မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃ဝ၅ ခုနှစ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၂ ခုနှစ်တွင် စစ်ကိုင်းမြို့ မင်းကွန်း ထုံးဘိုရွာ အလယ်ကျောင်း ခဏ္ဍသိမ်၌ အလယ်ကျောင်းဆရာတော်ကို ဥပဇ္ဈာယ် ပြုလျက် မတ္တရာမြို့နယ် ရွှေအပ်ပျံရွာနေ ရဟန်းဒါယကာ ဦးတင်၊ ဒါယိကာမ ဒေါ်လှခင်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်သည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပဋ္ဌာန်းဆရာတော် ကြီးနှင့် စာချဆရာတော်များထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူး ခဲ့ပါသည်။
သာသနာရေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ပြီး ယနေ့အချိန်ထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
ဆရာတော်သည် သာသနာအကျိုးသယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉ဝ)နှစ်၊ သိက္ခာတော် (၇ဝ)ဝါအရ ၁၃၇၉ ခုနှစ် တပေါင်း လဆန်း ၁၁ ရက် (၂၅-၂-၂ဝ၁၈) တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁-၃-၂ဝ၁၈ ရက်နေ့တွင် အန္တိမအဂ္ဂိ ဈာပနအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment