Sunday, February 4, 2018

ဥပဒေအရသတ်မှတ်ထားသည့် အညွှန်းအချက်အလက်မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက်များ ရောင်းချနေခြင်း ထိန်းချုပ်ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား

Image may contain: 2 people, hat
၂-၂-၂ဝ၁၈ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၏ မေးခွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်တို့ကို အောက်ပါအတိုင်း အပြည့်အစုံ ဖော်ပြအပ်ပါသည်-
နိုင်ငံတော်အတွင်း အစားအသောက် ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက်စေလျက်ရှိသည့်FDAက ပိတ်ပင်ထား သော အစားအသောက်များ ဈေးကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစား အသောက်များ၊ ဥပဒေအရ သတ်မှတ်ထား သည့် အညွှန်းအချက်အလက်မပါသည့် အစား အသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက် များ ရောင်းချနေခြင်းကို မည်ကဲ့သို့ထိန်းချုပ် ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလို ခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ဥက္ကဋ္ဌ။ ။ ပထမဦးစွာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးအောင်ကြည်ညွန့် က နိုင်ငံတော်အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက် စေလျက်ရှိသည့်FDAက ပိတ်ပင်ထားသော အစားအသောက်များ ဈေးကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစား အသောက်များ၊ ဥပဒေအရ သတ်မှတ်ထား သည့် အညွှန်းအချက်အလက်မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေး များ အလွန်အကျွံသုံးထားသော အစား အသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းတဲ့ မေးခွန်းမေးမြန်းဖို့ ဖြစ်ပါတယ်။
ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)။ ။ လေးစားအပ်သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်ထောင်စုဝန်ကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော် ဒီနေ့ ဒီမေးခွန်းဖော်ပြထားတဲ့ မေးခွန်းကို မေးမြန်းဖို့ အခြေခံအားဖြင့် ပေါ်ပေါက်လာတဲ့ အကြောင်းတစ်ခုကတော့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်တုန်းက ဒီစန္ဒာသူရိယ ပညာကျန်းမာ အသင်းလေးကနေပြီးတော့ ဦးဆောင်ပြီး အစိုးရအထက်တန်းကျောင်း ကျောင်းမုန့်ဆိုင် တွေမှာရောင်းနေတဲ့ ကလေးတွေအတွက် အန္တရာယ်မကင်းတဲ့ အစားအသောက်တွေ သူတို့ရဲ့ ရန်ပုံငွေလေးနဲ့ဝယ်ပြီးတော့ ဒါတွေ ကို ကျွန်တော်တို့ ပညာပေးဟောပြောပြီးတဲ့ အခါမှာ ဖျက်ဆီးတဲ့ အခမ်းအနားလေးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီဈေးကွက်အတွင်းထဲမှာ ရှိနေတဲ့ အခြေအနေနှင့် ပတ်သက်ပြီးတော့ လည်းပဲ ကျွန်တော်အခမ်းအနားမှာ တင်ပြ ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် အင်မတန်မှ ကလေးတွေအတွက်ရော၊ တကယ်တော့ တစ်နိုင်ငံလုံးအတွက် စားသုံးမှုတွေမှာ အင်မတန် အန္တရာယ်ကြီးနေတဲ့ ပကတိမြေပြင် အခြေအနေမှာ ဒီလိုတွေပေါ်ပေါက်နေတယ် ဆိုတာကို တွေ့လာရတဲ့အတွက် ဒီမေးခွန်း မေးဖို့ ကျွန်တော်ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။
လျော့ပါးသွားနိုင်
ဒါနှင့်ပတ်သက်ပြီးတဲ့အခါကျတော့ အခု ဒီမေးခွန်းမှာ ကျွန်တော်တင်ပြထားတဲ့အတိုင်း ပဲ တရားဝင်ပိတ်ပင်ထားတဲ့ အစားအသောက် တွေလည်း ဒီနေ့ဈေးကွက်ထဲမှာ ရရှိနေတယ်။ နောက်အထည်အလိပ်လုပ်ငန်းတွေမှာ သုံးတဲ့ ကျွန်တော်တို့ ဆိုးဆေးတွေကိုလည်းပဲ ကျွန်တော်တို့ အစားအသောက်လုပ်ငန်းတွေ မှာ လွယ်လွယ်ကူကူ သုံးလို့ရနေတယ်။ အဲဒီ ဆေးတွေကလည်းပဲ တစ်နေရာမှာ တစ်ထုပ်ကို ၅ဝ ကျပ်တည်းနှင့် အပြင်မှာ လွယ်လွယ်ကူကူ ဝယ်ပြီးတော့ သုံးလို့ရတဲ့အတွက် အစား အသောက်တွေထဲမှာ ဒီအရောင်ဆိုးဆေးတွေ လုပ်နေတယ်။ အဲဒီတော့ ဒီလိုအခြေအနေ မျိုးတွေရှိတဲ့အခါမှာ ဒီလိုဆိုရင် ကျွန်တော်တို့ ဈေးကွက်ထဲမှာသုံးနေတဲ့ ဒီဆိုးဆေးတွဟာ အစားအသောက်အတွက် ဆိုးဆေးပဲဖြစ်စေ၊ သို့မဟုတ် တခြားအထည်အလိပ်မှာသုံးတဲ့ ဆိုးဆေးပဲဖြစ်စေ၊ ဒါတွေကို ကျွန်တော် ကျန်းမာရေးအတွက်မှာ အရင်တုန်းကသုံးခဲ့ တဲ့ ဒိုင်ယာစီပင်ဆေးမျိုးလို၊ ဘက်ထရီ လုပ်ငန်းတွေမှာသုံးတဲ့ ကန့်ငရဲမီး (Sulphuric Acid) တို့လို ထိန်းချုပ်ကန့်သတ်ထားတဲ့ ပုံစံမျိုးလေးနှင့် စနစ်တကျရောင်းချပေးမယ် ဆိုရင်၊ အလွယ်တကူဝယ်ယူလို့ မရဘူးဆိုရင် အစားအသောက်တွေထဲမှာ ရောက်မယ့် အန္တရာယ်တွေ လျော့ပါးသွားနိုင်မယ့် အခြေ အနေမျိုးရှိနေတာကို ကျွန်တော် လေ့လာ တွေ့ရှိရပါတယ်။
အဆိပ်အတောက်
အဲဒီအပြင် ကျွန်တော်တို့ ဈေးတွေထဲမှာ အခု ငါးပိ၊ ငါးခြောက်တွေဆို ယင်မနားတော့ ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ ပိုးသတ်ဆေး တစ်မျိုးကို ရေနှင့်ရောပြီး ငါးပိ၊ ငါးခြောက်တွေ ပေါ်မှာ အမြဲတမ်းဖျန်းပြီးတော့၊ နှစ်ပြီးတော့ ရောင်းနေတယ်။ အဲဒီတော့ ငါးပိ၊ ငါးခြောက် တွေမှာ ယင်မနားတော့ဘူး၊ ဆန်သည်တွေရဲ့ ဆန်တွေပေါ်မှာပဲ ယင်တွေလာနားတော့တယ်။ ပြီးတော့ ဒီကောင်တွေက အဆိပ်အတောက် တွေပဲ ဖြစ်တယ်။ ပြီးရင်ငါးပိထဲမှာ ယင်မနား ဖို့ရာအတွက် ပိုးသတ်ဆေးတွေ လုပ်နေတယ် ဆိုတာလည်း လေ့လာတွေ့ရှိနေရပါတယ်။ ဒါတွေနှင့် ပတ်သက်ပြီးတော့ တကယ့်မြေပြင် အခြေအနေမှာရှိနေတဲ့ အနေအထားကို သိနိုင်ဖို့ရန်အတွက် Power Point အသုံးပြု ခွင့်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ ဒါတွေက ကျွန်တော်တို့ ပါဝါသကြားတွေနှင့် ကျွန်တော် တို့ ဒီမှာသုံးနေတဲ့FDA ကနေ ပြီးတော့ လည်း ပိတ်ပင်ထားပြီးတဲ့အခြေအနေ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော်တို့ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ အစားအသောက်တွေ ဖြစ်ပါ တယ်။
ပိုးသတ်ဆေးတွေ
ဒါကတော့ ကျွန်တော်တို့ ဆန်တွေ၊ ပဲ တွေမှာသုံးနေတဲ့ ပိုးမထိုးအောင် ဆေးထည့်တဲ့ ပိုးသတ်ဆေးဖြစ်တယ်။ နောက်ခုနတုန်းက ယင်မနားတဲ့ ပိုးသတ်ဆေးတွေပါ။ ယင်မနား ဆေးဆိုတာ ရေနှင့်ဖျန်းပြီးတော့ ငါးခြောက် တွေ၊ ငါးပိတွေပေါ်မှာ အမြဲတမ်းဖျန်းပြီးတော့ ရောင်းနေတဲ့ ဈေးကွက်ထဲမှာ တွင်တွင် ကျယ်ကျယ်သုံးနေတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ဈေးအတွင်းမှာ ဖြန့်ချိ ရောင်းချနေတဲ့ ကျွန်တော်တို့ အရောင်တင် မှုန့်တွေ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ မှည့်ဆေးလို့ခေါ်တဲ့ သုံးနေတဲ့ ဆေးတွေဖြစ်ပြီးတော့ ဒါလည်း ကျွန်တော်တို့ FDA က သာမန်အားဖြင့် အသုံးပြုဖို့ရာ မသင့်တော်တဲ့ အချဉ်ခဲတွေ သာမန်ပကတိ အတိုင်းသုံးနေတဲ့ မန်ကျည်းတို့၊ သံပရာတို့၊ ရှောက်တို့ သဘာဝအစားသုံးနေတဲ့ အချဉ်ခဲ တွေ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ တရုတ် ပြည်ကနေ ထုတ်လုပ်တဲ့အခါကျတော့ အသုံးပြုနေတဲ့ တရုတ်နိုင်ငံလုပ်Milk Shake တွေ ဖြစ်ပါတယ်။ နောက်ဟိုဘက်က ကျွန်တော် တရားမဝင်ဖြန့်ချိပြီးတော့ ရောက်ရှိ နေတဲ့ ကျွန်တော်တို့ ဘာအညွှန်းမှလည်း မပါတဲ့ တရုတ်မုန့်တွေ ဖြစ်ပါတယ်။ များသော အားဖြင့် ဒါတွေဟာ ကလေးသူငယ်တွေရဲ့ ကျောင်းစားသောက်ဆိုင်တွေမှာ ကျွန်တော်တို့ တွေ့နေရတဲ့ မုန့်တွေ ဖြစ်ပါတယ်။
ဒါက ကျွန်တော်FDAကနေပြီးတော့ တရားဝင်ပိတ်ပင်ထားတဲ့ တံဆိပ်အမှတ် အသားတွေနှင့် ကျွန်တော်တို့ တရားမဝင် ဆိုးဆေးတွေသုံးထားပါတယ်လို့ ဖော်ပြထားတဲ့ အစားအသောက်ကုန်တွေ ဖြစ်ပါတယ်။ ဒီစားသောက်ကုန်တွေကလည်း အခု လက်ရှိ အခြေအနေအထိ ဈေးကွက်ထဲမှာ ဝယ်ယူလို့ ရနေတဲ့အနေအထားမျိုးမှာ ရှိနေပါတယ်။ ဒါလည်း အလားတူပါပဲ။ ကျွန်တော်တို့ FDA က ပိတ်ပင်ထားပြီးသား တံဆိပ်အမျိုးအစား တွေနှင့် ဒါကြောင့်မို့လို့ ဈေးကွက်ထဲမှာ အခု အချိန်အထိ ရောင်းနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
ဒါတွေက စောစောပိုင်းက ကျွန်တော်ပြခဲ့ တာ ဒီမေးခွန်းကို ကျွန်တော် ဇူလိုင်လကတည်း က တင်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လတုန်းက ရှိနေတဲ့ အခြေအနေဖြစ်ပြီးတော့ အခုနောက် ပိုင်း ပြီးခဲ့တဲ့ဒီဇင်ဘာလအထိ ဈေးကွက်ထဲမှာ ရှိနေတဲ့ အနေအထားနှင့်ပတ်သက်ပြီးတော့ ကျွန်တော်ဆက်လက်ပြီးတော့ တင်ပြမှာဖြစ်ပါ တယ်။ ဒါက ကျွန်တော်တို့ ဒီဇင်ဘာလအထိ ကျောင်းမုန့်ဆိုင်တွေမှာ အဲဒါတွေ အခုအချိန် အထိ ရောင်းချနေတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒီတော့ ဒါတွေကတော့ ကျောင်းမုန့်ဆိုင်တွေ မှာ လောလောဆယ်ကို ကျွန်တော်တို့မုန့်တွေကို ချက်ချင်းကို ကျွန်တော်တို့ ဒီဓာတုဗေဒဆိုးဆေး တွေနှင့် စိမ်ပြီးတော့ အမျိုးမျိုး ကလေးတွေကို သူက ရောင်းတာ။ ဒါတွေကိုပဲ ကလေးတွေက နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ကလေးတွေက ဝယ်ယူစားသုံးနေရတဲ့ အခြေအနေဖြစ်ပါ တယ်။ ဒါတွေက ကျွန်တော်တို့ဈေးကွက်တွေ ထဲမှာ ကျွန်တော်တို့မျှစ်ကို လတ်တလော ဒီအရောင်တင်ဆေးမှုန့်တွေနှင့် ဈေးကွက် ထဲမှာ ရောင်းနေတာဖြစ်ပါတယ်။
မြေပြင်အခြေအနေ
ဒါကတော့ ကျွန်တော်တို့ ပုစွန်ခြောက်ကို ဆေးဆိုးထားတဲ့ ပုစွန်ခြောက်တွေ ဖြစ်ပါ တယ်။ အဲဒီတော့ ဒီလိုအနေအထားမျိုးတွေ ရှိနေတဲ့ အခြေအနေမျိုးတွေနှင့် ပတ်သက်ပြီး တော့ကာ တကယ်တမ်း မြေပြင်အခြေအနေကို ကြည့်လိုက်တဲ့အခါကျတော့ မြို့နယ်မှာရှိတဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီတွေမှာ ဘဏ္ဍာ ငွေခွင့်ပြု --------
ဥက္ကဋ္ဌ။ ။ ၂ မိနစ် အချိန်ပေးမယ်။
ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)။ ။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနှင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးချင်တဲ့ မေးခွန်းက (၃)ခုပဲ ရှိပါတယ်။ (၁)FDA က တရားဝင်ပိတ်ပင်ထားပြီးဖြစ်တဲ့ မုန့်နှင့် အစားအသောက်တွေကို ဈေးကွက် ထဲမှာ ဆက်လက်ပြီးတော့ တွင်ကျယ်စွာ ရောင်းချနေမှုကို တားမြစ်ရန် ဘယ်လို စီစဉ်ဆောင်ရွက်နေတယ်။ ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် ဘယ်လိုဆက်လက် ဆောင်ရွက်မလဲဆိုတာကိုလည်းကောင်း၊ (၂) အထည်အလိပ် လုပ်ငန်းများမှာသုံးတဲ့ ဓာတု ဆိုးဆေးတွေကို ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ခြင်းကြောင့် အစား အသောက်လုပ်ငန်းများမှာ အသုံးပြုနေခြင်းကို တားမြစ်နိုင်ရန်အတွက် လက်တွေ့မှာ ဖြစ်နိုင် ခြေမရှိတဲ့အတွက် ဒီဆိုးဆေးတွေကို ထိန်းချုပ် ကုန်အဖြစ် စနစ်တကျ မှတ်ပုံတင်ရောင်းဝယ် ရမည့် ထိန်းချုပ်ကုန်စည်အဖြစ် သတ်မှတ် ထိန်းချုပ်ရန် အစီအစဉ် ရှိ၊မရှိနှင့် (၃) အမျိုးသားကျန်းမာရေးနှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး တာနှင့်အမျှ အခြေခံအကျဆုံးလည်း ဖြစ်တဲ့ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ရေးကော်မတီများ လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဘဏ္ဍာ ငွေသုံးစွဲမှုနှင့်တကွ ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ဘယ်လိုစီမံ ဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုပါ ကြောင်း မေးမြန်းအပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ မေးခွန်းများနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်ခုချင်း ဖြေကြား ပေးဖို့ ဖြစ်ပါတယ်။
ဖြေကြားချက်
ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။ မေးခွန်းများအနက် ပထမ မေးခွန်းကိုတော့ အချိန်ပိုယူပါမယ်။ ကျန်တဲ့ မေးခွန်းတွေကတော့ တိုပါတယ်။ အချိန်ပို ပေးဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။
ဖျက်ဆီးတယ်
ပထမမေးခွန်းဖြစ်တဲ့ မကွေးတိုင်းဒေသ ကြီး အမှတ်(၄)မဲဆန္ဒနယ် ဦးအောင်ကြည်ညွန့် ရဲ့ မေးခွန်းဟာ တော်တော်လေး ကျယ်ပြန့်တဲ့ မေးခွန်းဖြစ်တဲ့အပြင် နိုင်ငံအတွက် အလွန် အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ သတ်မှတ် မယ်ဆိုရင် ဒါ National Emergencyပေါ့၊ အဲဒီလို အခြေအနေကို ဖြစ်ပါတယ်။ ဒီမေးခွန်း မေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင် ပါတယ်။ ပထမဆုံး ကျွန်တော်ဖြေမှာကတော့ ကျွန်တော်တို့ ဘာလုပ်နေလဲဆိုရင် Post Marketing Service ပေါ့၊ ဈေးကွက်အတွင်း ထောက်လှမ်းခြင်းကို လုပ်ပြီးတော့ တွေ့တဲ့ ဟာတွေကို သိမ်းတယ်၊ ဖျက်ဆီးတယ် လုပ်ပါ တယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ထုတ်လုပ် တဲ့နေရာအထိ ကျွန်တော်တို့သွားပါတယ်။ ထုတ်လုပ်တဲ့နေရာ ရောက်တဲ့အခါမှာ ကျွန်တော် တို့ဟာ နည်းနှစ်နည်းနှင့် လုပ်ပါတယ်။ ပထမ တစ်နည်းက စီမံခန့်ခွဲရေး နည်းလမ်း၊ ဒုတိယ တစ်နည်းကတော့ တရားစွဲဆိုခြင်းပေါ့။ စီမံ ခန့်ခွဲရေးနည်းလမ်းကတော့ ပထမဦးဆုံး သူတို့ကို ပညာပေးပါတယ်။ နောက်ပြီးတော့ ခံဝန်ကတိတွေ ထိုးခိုင်းပါတယ်။ ပြီးရင် မရရင် ရောင်းခွင့်ကို ပိတ်ပါတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ တရားစွဲပါတယ်။ ဒီနည်းနှစ်ခုနှင့် ကျွန်တော်တို့လုပ်နေပါတယ်။ ဒါကို ပြန်ကြည့် တဲ့အခါမှာ ကျွန်တော်တို့ အစားအေ
သာက်နှင့် ဆေးဝါးဥပဒေက ၁၉၉၇ ခုနှစ်က ထုတ်ထားတဲ့ ဥပဒေဖြစ်ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ ပြန်ပြင်ဆင် ထားပါတယ်။ ဒါပေမဲ့ ဒါကိုကြည့်လိုက်တဲ့ အခါမှာလည်း လုံလောက်မှုမရှိပါဘူး။ ထိရောက်မှု တော်တော်နည်းတဲ့အတွက် ကျွန်တော်ဒီဟာကို ကျွန်တော်ပြင်ဆင်နေပါ တယ်။ ကျွန်တော်တို့ရှေ့နေချုပ်ရုံးသို့ ရောက် နေပြီ ထင်ပါတယ်။ ဒီဥစ္စာကို ပြင်ပြီးရင်တော့ ကျွန်တော်တို့က ဒီဥပဒေဟာ နည်းနည်းပိုပြီး တော့ ထိရောက်လာမယ်ဆိုတာကို ပြောလိုပါ တယ်။
အဲဒီတော့ ကျွန်တော့်အနေနဲ့ ဆက်ဖြေ ရမယ်ဆိုရင် အမှန်တရားကတော့ Root Cause ပါ၊ ပင်ရင်းဇာစ်မြစ်ကို ကျွန်တော်တို့က ကိုင်တွယ်မှဖြစ်မယ်။ ဒီမှာ ဆေးဆိုးတဲ့ ဆေးဆိုးပါတဲ့ အစားအသောက် ဒါတွေကို လုပ်မယ်ဆိုရင် ပြည်တွင်းမှာရောင်းတဲ့ အစား အသောက်ရှိတယ်။ အခြားနိုင်ငံကဝင်တဲ့ အစားအသောက်ရှိတယ်။ တခြားနိုင်ငံက ဝင်တဲ့ ဒီဆေးဆိုးပါတာ၊ မထည့်သင့်တဲ့အရာ ထည့်ထားတာကိုလုပ်ဖို့ရာ ကျွန်တော်တို့ တာဝန်မဟုတ်ပါဘူး။ Custom Department ဖြစ်ပါတယ်။ Custom Department က တင်းကျပ်ပြီး ပိတ်ပင်ဖမ်းဆီးလိုက်ရင် ပြဿနာရှင်းသွားမယ်။ အဲဒီတော့ သူတို့ Custom Department က ပိတ်ပင်ရှင်းလင်း ဖို့အတွက်ကိုလည်း ကျွန်တော်တို့မှာ ဒီနယ်စပ်ဒေသမှာရှိတဲ့ ဓာတ်ခွဲခန်းတွေကို အဆင့်မြှင့်ပြီး လုပ်ထားပြီးပါပြီ။ အဓိက ကတော့ Custom Department နှင့် ကျွန်တော်တို့ နယ်စပ်မှာရှိတဲ့ ကျွန်တော်တို့ ရုံးပါ။ အစားအသောက်FDA ရုံးတွေနဲ့ ပေါင်းပြီး လုပ်လို့ရှိရင် မရနိုင်စရာအကြောင်း မရှိပါဘူး။ Custom Department က လွှတ်လိုက်လို့ရှိရင် ကျွန်တော်တို့ ဘာမှမတတ် နိုင်တော့ဘူး။ ဒီအစားအသောက်တွေက ဘယ်ကိုရောက်သွားသလဲ။ ဘယ်သူမှ Trace လို့လည်း မရနိုင်ဘူး။ အဲဒါရှိပါတယ်။ အဲဒါ ကြောင့် ကျွန်တော့်အနေနှင့်ကတော့ ဝန်ကြီး ဌာနနှစ်ခုဟာ လုံးဝပေါင်းရမယ်။ ပေါင်းခြင်း ဆိုတာ ဒါတော်တော်ကို အရေးကြီးပါတယ်။National Emergency ဖြစ်ပါတယ်။ တစ်ပြည်လုံး ဒုက္ခရောက်မှာပါ။ လမ်းပေါ်မှာ လျှောက်တဲ့သူကအစ ကျွန်တော်တို့ ထိပ်ဆုံး အထိ၊ နိုင်ငံတော်သမ္မတ အထိကို၊ အကုန်လုံး က ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးများ အပါ အဝင် စားနေတာ။ ဒါတွေဟာ နေ့စဉ် ဒုက္ခ ရောက်နေတာပါ။ ဒါကို ကျွန်တော့်အနေနဲ့ လည်း ဆက်ပြီးလုပ်ဖို့ အများကြီးရှိပါတယ်။ ကျွန်တော်တင်ပြပါမယ်နော်။
ကျောင်းသားတွေ
နောက်တစ်ချက်ကတော့ ဇာစ်မြစ်ကို လုပ်မယ်ဆိုရင် ကျောင်းမှာရှိတဲ့ ဆရာ ဆရာမ တွေက ကျောင်းသားတွေကို ပြောရမယ်။ ပြောလည်းပြောပါတယ်။ ဒါပေမဲ့ ပိုပြီး ထိရောက်ဖို့လိုတယ်။ တစ်ပတ် တစ်ခါ၊ တစ်လ တစ်ခါ၊ ဒီအစားအသောက်တွေစားရင် ဘာဖြစ်နိုင်မယ်။ ဒါ ကျွန်တော်တို့ဘက်က ကျောင်းကျန်းမာရေးအဖွဲ့ ၈ဝ ကျော်ရှိပါ တယ်။ ဒါနဲ့ပေါင်းပြီးလုပ်ရမယ်။ ဒါကလည်း ပညာရေးဝန်ကြီးဌာနနှင့် စီမံချက်ချပြီး လုပ်မှဖြစ်မယ်။ လုပ်တဲ့ကျောင်းကလုပ်တယ်။ မလုပ်တဲ့ကျောင်းက မလုပ်လို့ မရပါဘူး။ ပညာရေးဝန်ကြီးနှင့် ကျွန်တော် ဆွေးနွေးပြီး တော့ ဘယ်လိုလုပ်မလဲ၊ တစ်ပြည်လုံးမှာကို ကျွန်တော့်မှာ ကျောင်းကျန်းမာရေးအဖွဲ့တွေရှိတယ်။ မြို့နယ်ဆရာဝန်တွေရှိတယ်၊ ကျန်းမာရေးမှူးတွေရှိတယ်။ ဘယ်လိုလုပ်မလဲ။ အနည်းဆုံး တစ်လ တစ်ခါ သို့မဟုတ် နှစ်လ တစ်ခါ၊ မဟုတ်ရင် သုံးလတစ်ခါ အခြေအနေ ကိုကြည့်ပြီးတော့ မလုပ်လို့မရပါဘူး။ ဆိုတော့ ဒီကျောင်းသားတွေသည် ဒါကိုစားရင် အန္တရာယ်ရှိတယ်ဆိုတာကို သူတို့သိရင် မဝယ်တော့ဘူး။ မစားတော့ဘူး။ သူတို့မဝယ်၊ မစားဘူးဆိုရင် ဈေးရောင်းတဲ့သူတွေက ရောင်းလို့မရတော့ဘူး။ သူတို့မရောင်းတော့ ဘူး။ ကျောင်းသားတွေ စားသမျှကာလပတ်လုံး သူတို့ကရောင်းမှာပဲ။ အဓိကကတော့ ဘာလဲ ဆိုတော့ ကျွန်တော်တို့Health Literacy ပေါ့။ ကျောင်းသားတွေမှာHealth Literacy ကျန်းမာရေးအသိပညာ၊ အစားအသောက်နှင့် ဟာတွေကို ယခုထက် ပိုမိုပြီးလုပ်ရမယ်။ ပုံမှန် အေးအေးဆေးဆေး လုပ်လို့မရဘူး။ ဒါ National အမျိုးသားအဆင့်ကို အရေးကြီး နေပါပြီ။ မဟုတ်ရင် ဒီကလေးတွေက အခု မဖြစ်ဘူး။ နောက်ကြာလို့ရှိရင် အသည်း ကင်ဆာဖြစ်မယ်။ ကျောက်ကပ်၊ အသည်း၊ နောက် ဦးနှောက် ဒါတွေက အဓိက ရေးထား တယ်။ အစာအိမ်လမ်းကြောင်းတစ်လျှောက် မှာ ရောဂါတွေရမယ်။ ဖြစ်လာမှ ရောဂါရရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ဘူး။
အဲဒီတော့ မဖြစ်ခင်က လုပ်ဖို့ဆိုတာက အခုမကြာခင် ဒါကို ကျွန်တော်တို့ ပြန်တွေ့ဖို့ လုပ်မယ်။ ကျွန်တော်တို့ လုပ်နေပါတယ်။FDA ကတော့ တော်တော်လုပ်နေပါတယ်။ သို့သော်လည်း ကျွန်တော်တို့လုပ်တာကို ဒီပညာရေးဝန်ကြီးဌာနတို့၊ Custom တို့၊ ရဲတို့၊ ပြည်ထဲရေးတို့က ပံ့ပိုးရမယ်။ ကျွန်တော်တို့က တရားစွဲတယ်။ တရားစွဲတာ အမှုက တစ်လလောက်၊ (၁ဝ)လလောက်ကြာ နေပြီ။ ဘာမှမဖြစ်ဘူး။ အဲဒီတော့ ဒီလိုကိစ္စမျိုး မှာ တရားစွဲပြီး အမှုချမယ်ဆိုရင် တစ်လအတွင်း အမှုကို တရားသူကြီးက အမိန့်ချမှတ်ရမယ်။ ဒါမှဖြစ်မယ်။ ဒီ တရားရေးကိစ္စမှာ ခုနစ်လ၊ ရှစ်လ၊ တစ်နှစ်မပြီးဘူး။ ဒီကြားထဲမှာ အများ ကြီးဖြစ်နေတယ်ဆိုတာလည်း အကုန်သိပါတယ်။ အဲဒီလိုသွားလို့ကတော့ မရပါဘူး။ ကျွန်တော် တို့ နိုင်ငံက ဒုံရင်းဒုံရင်းပဲဖြစ်မယ်။ အဲဒါကို တော့ ပြတ်ပြတ်သားသားလုပ်ဖို့ လိုပါတယ်။
အစားအသောက်
နောက်တစ်ချက်က အခု ကျွန်တော်ပြော တဲ့ ပညာပေးတွေလုပ်ဖို့အတွက် ကျွန်တော်တို့ က အကြီးအကျယ် လုပ်နေပါတယ်။ ဒီ စက်တင်ဘာ ၂၃ ရက်မှာ ကျွန်တော်တို့Standardize Health Message ဆိုတဲ့ စာအုပ်ကြီးကိုRange လုပ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း သဝဏ်လွှာပို့ပါတယ်။ ဒီစာအုပ်ကြီးက ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ၂ဝဝဝဝ ကျော်တဲ့ Basic Health Services Program ကျန်းမာရေးမှူးတွေ၊BHS1 ၊ BHS2 ပြည်သူ့ကျန်းမာရေးလုပ်သား တစ်နှစ်၊ နှစ်နှစ်၊ သားဖွားဆရာမတွေ အကုန်လုံး ကိုင်ပါတယ်။ ကိုင်ပြီးတော့ အိမ်တိုင်ရာရောက် ပါ။ သူတို့အလုပ်က အိမ်တိုင်ရာရောက် ပါသွားတဲ့အလုပ်ပါပဲ။ အဲဒီမှာတွေ့ရင် သူတို့ က ပညာပေးမယ်။ အဲဒါ တစ်ခုပဲရှိပါတယ်။ အဲဒီစာအုပ်ကြီးမှာ ကျွန်တော်က မြန်မြန် ထုတ်လိုက်တဲ့အတွက် သုံးခု ကျန်သွားပါတယ်။ အစားအသောက်ကျန်သွားတယ်။ တိုင်းရင်းဆေး ကျန်သွားတယ်။ အားကစား။ အခုလုပ်နေပါပြီ။ လာမယ့် တစ်လအတွင်း ဒုတိယတွဲထွက်မှာပါ။ အဲဒါဆိုလို့ရှိရင် အစား အသောက်နဲ့ဟာတွေ အကုန်ပါတယ်။ ဘယ်အစားအသောက်က အန္တရာယ်ရှိတယ်။ အကုန်လုံးပါတယ်။
Tabletsတွေ
အဲဒီတော့ ဒီကိစ္စနှင့် ပတ်သက်လို့လည်း ဒီစာအုပ်ကြီးက ဒီလောက်လောက်ထူပါတယ်။ သူတို့ သယ်ဖို့အစက ရည်ရွယ်တော့၊ သယ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် ကျွန်တော် Tablets တွေကို အခု ၃ဝဝဝ ဝယ်မယ်။ နောက် လာမယ့် ခြောက်လအတွင်းကို ၁၅ဝဝဝ ဝယ် မယ်။ သူတို့ကို Tablets နဲ့ပဲ ပေးတော့မယ်။ အကုန်လုံးကို။ သူတို့က ဒါလေးတွေကိုင်သွား မယ်။ အကုန်နှိပ်လိုက်ရင် အကုန်ပေါ်မယ်။ ဒီ Tablets ပေးခြင်းအားဖြင့် ခုန ကျွန်တော် ထပ်ပြီးတော့ ပညာပေးတာတွေကို ဒီက Electronic Keysကနေ ဆက်ထည့်ပေးလို့ရ တယ်။ Appတွေ ထည့်ထားတယ်။ အဲဒီတော့ ဒီလိုလုပ်မှသာလျှင် ကျွန်တော်တို့ နိုင်ငံက ကျန်းမာရေးတိုးတက်မယ်။ ကျန်းမာရေး တိုးတက်ဖို့ဆိုတာ ကျန်းမာရေးအသိပညာ ကောင်းမှ တိုးတက်မယ်။ ကျန်တာတွေ လျှောက်လုပ်လို့ ဘယ်လိုမှမရဘူး။ ကျွန်တော် ဆိုလို့ရှိရင် အစားအသောက်ဝယ်လို့ရှိရင် Expire Date ကို ကြည့်လိုက်တယ်။ ထုတ်လုပ် တဲ့ ကုမ္ပဏီပါလား၊ တယ်လီဖုန်းနံပါတ်၊ ဒါမှ ကျွန်တော်ဝယ်တယ်။ ဒါမှမဟုတ်ရင် လုံးဝ မစားဘူး။ အလားတူပဲ ပြည်သူတွေအားလုံး၊ အခု ကျောင်းတွေမှာရှိတဲ့ ကျောင်းသားများ အားလုံးက ဒီလိုလုပ်မှဖြစ်မယ်။ ကျောင်းတွေ မှာကြည့်ရင် ကျွန်တော်တို့က ကျောင်းကျန်းမာ ရေးဆရာဝန်က သွားပြီးတော့ ဟောပြော မယ်။ ကိုယ်က ဟောပြောလို့မရပါဘူး။Peer Group ပါ လုပ်ရမယ်။ ကျောင်းသားတွေကို ပြန်ပြောခိုင်းရမယ်။ ကျောင်းသားဆိုတာ အချင်းချင်းပြောတာကို ပိုပြီး နားထောင်တယ်။ ပိုလည်း လေးစားတယ်။ အဲဒီတော့ အဲဒါကို လည်း ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာန နှင့် ပေါင်းပြီးတော့ ကျွန်တော်တို့ လုပ်ဖို့ရှိ တယ်။ မဟုတ်လို့ရှိရင်တော့ မရပါဘူး။
ကျန်းမာရေးပညာ
နောက်တစ်ချက်က ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးမှာ Basic Plan ရှိပါတယ်။ Agent Host Environment ဆိုတော့ ရောင်းတဲ့သူတွေကိုလည်း ပညာပေးရမယ်။ ရောင်းတဲ့လူကိုပဲ ပညာပေးတယ်ဆိုတာ ကျင့်ဝတ်။ ခင်ဗျားတို့ အမြတ်တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ ခင်ဗျားတို့ ဒီဟာကို ရောင်းခြင်း အားဖြင့် ခင်ဗျားတို့ ကလေးတွေကလည်း အခြားကျောင်းတွေမှာ ရှိမှာပါပဲ။ စားမှာပါပဲ။ ရေရှည်မှာ ဒုက္ခရောက်မယ်။ ဒီဟာတွေကို လုပ်ရမယ်။ အဓိကကတော့ ပညာပေးလုပ်ငန်း တွေကို လုပ်ရမှာပါ။ အကောင်းဆုံးနှင့် အထိရောက်ဆုံး ငွေကြေးအသက်သာဆုံးက တော့ ခုနက ကျန်းမာရေးပညာ (Health Literacy Level) ကို ကျွန်တော်တို့က လုံးဝမြှင့်ရမယ်။ ဒါ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒါတွေလည်း လုပ်နေပါတယ်။ လုပ်နေပေမယ့် အခုဆိုလို့ရှိရင် ပထမဆုံး သတင်းစာထဲမှာ လွှတ်တော်ကိုယ်စားလှယ် တွေ တွေ့မှာပါ။ စစ်ကိုင်းတိုင်းကစပြီး လုပ်ပါ တယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပါ တယ်။ လူမှုရေးဝန်ကြီး တက်ပါတယ်။Standardize Health Message ဆိုတဲ့ စာအုပ်ကြီးကိုRange လုပ်တာပါ။ ပြည်နယ် နှင့်တိုင်း အကုန်လုံး တစ်ခုပြီးတစ်ခု သွားမှာ ပါ။ ကျွန်တော်တို့က စလုပ်နေပါတယ်။
ကင်ဆာအစ
ဒီဥစ္စာကတော့ ကျွန်တော်ဆိုလိုတာက အခု မလုပ်လို့ရှိရင် ရေတိုမှာ ဒုက္ခရောက်မယ်။ ဝမ်းလျှောမယ်။ ရေရှည်မှာတော့ ခုနပြောတဲ့ အသည်းကင်ဆာအစ ကျောက်ကပ် အကုန် လုံးသွားမှာပါ။ လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဒီနေရာမှာဘဲ တင်ပြချင်တာကFDA တစ်ခု တည်း လုပ်လို့မရဘူး။ ကျောင်းကျန်းမာရေးကို ကျောင်းဆရာက လုပ်လို့မရဘူး။ မြန်မာနိုင်ငံ စားသုံးသူများအသင်းကလည်း ပါဝင်မယ်။ သူတို့က တစ်ပြည်လုံးမှာရှိတယ်။ စောစောတုန်းက ဦးဘအုန်းပေါ့၊ ဦးဘအုန်း နဲ့ ကျွန်တော်တွေ့ပြီးပါပြီ။ ဘယ်လိုလုပ်မယ် ကျွန်တော်တို့ စဉ်းစားနေပါတယ်။ နောက် တစ်ခါ ပြည်တွင်းမှာရှိတဲ့ NGOတွေ အများ ကြီးရှိပါတယ်။ ဒီNGOတွေကိုလည်း ကျွန်တော်က ပညာပေးပြီး သူတို့သွားတဲ့အခါ မှာ အကုန်ပညာပေးရမယ်။ နောက်တစ်ချက် က ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာတော့FDA က ပေးမယ်။ Lab တွေပေးမယ်။ နောက် Media တွေပါရမယ်။ ဒီဟာပေါင်းလုပ်မှရမယ်။ ကျွန်တော်တို့FDA က တစ်နေ့ကို ၄၈ ယောက် လောက် လုပ်တာတောင် မရနိုင်ပါဘူး။Media က အလွန်အရေးကြီးပါတယ်။ ဒါတွေ အကုန် ပါရမှာဖြစ်တဲ့အပြင် အဓိကကတော့ ကျောင်းပဲ။ ကျောင်းသား၊ မိဘ၊ ဆရာအသင်း တွေပါရမယ်။ ဆေးဆိုင်တွေပါရမယ်၊ ကျွန်တော်တို့က မန္တလေးမှာဆိုရင် ဒီလိုလုပ်ပါ တယ်။ ဒီဓာတုဆိုးဆေး ကင်းစင်တဲ့ဟာကို Approve လုပ်တယ်။ ဒါ ကပ်ပေးလိုက်တယ်။ အကယ်၍ ကပ်ပေးပြီးသား တစ်သက်လုံး မဟုတ်ဘူး။ ရံဖန်ရံခါ စစ်လို့တွေ့ရင် ဒါကို ပြန်ဖြုတ်မယ်၊ ဒါကို ဆိုင်တွေကလည်း ဂုဏ်ယူ တယ်။ သူ့ဆိုင်ရှေ့မှာ ဒါကပ်လို့ရှိရင် လူတော်တော်များများက သူ့ဆိုင်မှာ လာဝယ် တော့မယ်။ မန္တလေးမှာ ကျွန်တော်တို့ စလုပ် တာပါ။ နောက်ပိုင်းလည်း ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။
ရှောင်တခင်ဝင်စစ်
ဒါတွေက Project တင်ဒါတွေက ကျွန်တော် မပြောတော့ပါဘူး။ အများကြီးရှိပါ တယ်။ နောက်တစ်ချက်က ဘယ်လို စီစဉ် ဆောင်ရွက်နေတယ်ဆိုတာကတော့ ကျွန်တော် တို့က ၂ဝ၁၇ ခုနှစ်ကို The Year of Post Market Surveillance ဈေးကွက် ထောက်လှမ်းရေးကို ပိုပြီးလုပ်တဲ့နှစ်လို့ သတ်မှတ်ထားပြီး ဒါ ကနဦးနှစ်ပါ။ ဆက်တိုက် ၂ဝ၁၈၊ ၂ဝ၁၉၊ ၂ဝ၂ဝ ကျွန်တော်တို့ သွားတော့မယ်။ Post Marketing Service ဆိုတာ အလွန်အရေးကြီးပါတယ်။ ရံဖန်ရံခါ ရှောင်တစ်ခင်ဝင်စစ်၊ ပြီးတော့ တွေ့တာကို အရေးယူ၊ ဒါတွေကို ကျွန်တော်တို့ လုပ်ပါ တယ်။ အကြောင်းကြားမယ်။ ရှောင်တစ်ခင် ဝင်စစ်မယ်။ အဲဒီတော့ ဌာနပေါင်းစုံဖြစ်တဲ့ အတွက် ကျွန်တော်တို့ စစ်တဲ့အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်က မြင်တယ်။ ကျွန်တော်တို့FDA က ယူနီဖောင်းလေးတွေ နှင့် ဦးထုပ်နှင့် ဒါတော်တော်လေး သေသေ သပ်သပ်ဖြစ်ပါတယ်။ ဒါ တော်တော်ကောင်းတဲ့ ဟာဖြစ်ပါတယ်။ ကျွန်တော် စစ်တာတွေက တော့ မပြောတော့ပါဘူး။ ၂ဝ၁၇ ခုနှစ်မှာ ဆိုရင် အစားအသောက်၊ ကျောင်းတွေက နမူနာပေါင်း ၁၁၃၄ဝ ရှိပြီး ၁ဝ၈၄ ခုဟာ စားသုံးဖို့မသင့်တာတွေ တွေ့ပါတယ်။ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်ကတည်းက ၂ဝ၁၅-၂ဝ၁၆ မှာ လည်း စစ်ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ဆိုရင်လည်း နမူနာ ပြည်နယ်နဲ့တိုင်း အကုန် ပြည့်သွားပါပြီ။ အကုန်လုံးစစ်တာ။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ အစားအသောက်နမူနာ ၂၂၇၈ ခု စစ်တဲ့အခါမှာ နည်းနည်းတော့ လျော့လာပြီး ၂၅ မျိုးမှာပဲ တွေ့တော့တယ်။ ဒါ တဖြည်းဖြည်း ဆက်ပြီးတော့ ထိန်းဖို့လိုပါ တယ်။ အဲဒါလေးတွေ ကျွန်တော်တို့ လုပ်ပါ တယ်။ လုပ်တဲ့အခါမှာ စားသုံးသူရေးရာဦးစီး ဌာန၊ စည်ပင်သာယာရေးကော်မတီ၊ နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီတွေ အကုန်ပေါင်းပြီး လုပ်ပါတယ်။
ဓာတုဆိုးဆေး
နောက်တစ်ချက်က ဒုတိယအချက်အနေ နဲ့ကတော့ နိုင်ငံခြားဘာသာသပ်သပ်နဲ့ ရေးသားထားတဲ့ အစားအသောက်တွေနဲ့ စပ်လျဉ်းပြီး မြန်မာဘာသာနဲ့ ရေးသား ဖော်ပြရမည်ဆိုတာကတော့ ကျွန်တော်တို့မှာ ဥပဒေမရှိသေးပါဘူး။ ဒါက အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တစ်ယောက် တည်း လုပ်လို့မရပါဘူး။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ အခြား သက်ဆိုင်ရာ အသင်းအဖွဲ့တွေကလည်း အကြံဥာဏ်ပေး ပြီးမှ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်။ နောက် နေပြည်တော် မှာလည်း ကျွန်တော်တို့ လုပ်ပါတယ်။ အခု ကျောင်းတွေ အများကြီးစစ်ပါတယ်။ နောက် တစ်ခုက အထည်အလိပ် ဓာတုဆိုးဆေးမှာ ဈေးကွက်အတွင်း အလွယ်တကူ သုံးစွဲနိုင်ခြင်း ဆိုတာကတော့ နိုင်ငံတကာမှာ ဒါကို ထိန်းချုပ် ထားတာ မရှိပါဘူး။ လွတ်လပ်စွာ ရောင်းလို့ ရပါတယ်။ အဲဒီတော့ ဒီဟာကို လွတ်လပ်စွာ ရောင်းလို့မရအောင်ဆိုလို့ရှိရင် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသလိုပဲ ကျွန်တော်တို့ ဘယ်သူ့ကိုပဲ ရောင်းရမယ်ဆိုတာကို သီးသန့်လုပ်ရင်ရပါတယ်။ လာဝယ်တဲ့သူသည် ဆိုးဆေးလုပ်တဲ့ ဒီဆေးဆိုးပန်းရိုက်လူတွေကိုပဲ ရောင်းရမယ်။ ကျန်တဲ့လူတွေ လာဝယ်လို့ရှိရင် မရောင်းရဘူးဆိုတာကိုတော့ ဥပဒေနှင့် လုပ်လို့ရပါတယ်။ ကျွန်တော်တို့ လုပ်လို့မရပါ ဘူး။ တရားရေးဘက်က အကုန်လုံးပေါင်းပြီး တော့ လုပ်ရမှာ၊ လွှတ်တော်လည်းပါမယ်။ တရားရေးလည်းပါမယ်။ ဘယ်လိုလုပ်မလဲ။ ဒါ အလွန်အရေးကြီးပါတယ်။ မဟုတ်လို့ရှိရင် လက်လွတ်စပယ်နဲ့ ဒီမှာလည်း ပိုအရေးကြီး တာက နယ်စပ်မှာရှိတဲ့ Custom မှာ ဒါကို သိမ်းရမယ်။ ဝင်လာလို့ရှိရင် ဘယ်ကိုပေးမှာ လဲ။ ပေးမယ့်လူမရှိဘူး။ သူရောင်းတော့မယ် ဆိုရင် ဒါကို သိမ်းကို သိမ်းပစ်ရမယ်။ ရောင်းတာက တကယ့် ကျွန်တော်တို့ အစိုးရ ကို မှတ်ပုံတင်ထားတဲ့ ဓာတုဆိုးဆေးတွေ ကို ရောင်းခွင့်ပေးတဲ့လူကိုပဲ သွင်းခွင့်ပေးရ မယ်။
Custom
မဟုတ်လို့ရှိရင် ဒီဟာ Customက ကျော်ဖြတ်တာနဲ့ ဘယ်ရောက်သွားမလဲ ကျွန်တော်တို့ မသိဘူး။ မသိရင် အကုန်လုံး ဝယ်တော့မယ်။ အဲဒါက အရင် ကျွန်တော်တို့က Custom နဲ့ လုပ်ဖို့လိုပါတယ်။
နောက်တစ်ချက်က ကျွန်တော်တို့ တတိယ မေးခွန်းဖြစ်တဲ့Township Food and drug Supervising ကော်မတီပါ။ အစားအသောက် ဆေးဝါးနှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီက ကျွန်တော်တို့က အခုမှ ကျွန်တော်တို့က ခရိုင် အဆင့်အထိပဲ ရောက်ပါသေးတယ်။ မြို့နယ် အဆင့် ကျွန်တော်တို့ကFood and drug က မရောက်သေးပါဘူး။ အဲဒီတော့ ခရိုင်အဆင့် က လူတွေကနေပြီးတော့ ဒါကို ကူညီပြီး လုပ်ပေးနေတာဖြစ်ပါတယ်။ အဲဒီကော်မတီက ရုံးတွေ မရှိသေးပါဘူး။ အဲဒီတော့ ရုံးမရှိတဲ့ အတွက် ကျွန်တော်တို့ ကော်မတီနဲ့ စပြီးတော့ ဆက်လက်လုပ်နေခြင်းဖြစ်ပါတယ်။ ကျွန်တော် ဒီကော်မတီမှာဆိုလို့ရှိရင် မြို့နယ်ကျန်းမာရေး ဦးစီးမှူး Township Medicine Officer က ဥက္ကဋ္ဌ လုပ်ပါတယ်။ လက်ထောက် ကျန်းမာရေးမှူးပါတယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးပါတယ်၊ ပြည်သူ့ရဲပါတယ်၊ မြို့နယ် စည်ပင်ပါတယ်၊ မြို့နယ်မွေးမြူရေးအဖွဲ့ ပါတယ်၊ တော်တော်တော့ ကောင်းပါတယ်။ သူတို့လုပ်နေပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ဒီကိစ္စအတိုင်း အတာက တစ်နိုင်ငံလုံး ပြည်သူ့ကျန်းမာရေး ဒီအတိုင်းသာနေမယ်ဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ပြည်သူတွေရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းကျဆင်းလာပြီး တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ ကျန်းမာရေး နှင့် အားကစားပညာ ဘယ်လောက်လုပ်လုပ် မကယ်တင်နိုင်တဲ့အခြေအနေကို ရောက်လာ နိုင်ပါတယ်။ ရောဂါတွေ မျိုးစုံဖြစ်ပြီးတော့။ အဲဒါကြောင့် နောက်တစ်ချက်ကတော့ ကျွန်တော်တို့က ရောင်းတဲ့လူတွေနှင့် ခုနက ပြောတဲ့ ဆိုးဆေးIndustry Dyesတွေကို ရောင်းတဲ့လူတွေနှင့် ဒီအစားအသောက် ထုတ်လုပ်တဲ့ သူတွေကိုတော့ ကျင့်ဝတ်နှင့်လုပ် ဖို့တော့ လိုပါမယ်။ အမြတ်တစ်ခုတည်း မကြည့်ပါနှင့်။ သူတို့သည် ဒါကို ရောင်းရင် တကယ့်တကယ်ကတော့ ဒါကိုရောင်းရင် အမှန်အတိုင်းပြောရင် လူသတ်တဲ့သဘောပဲ ဖြစ်ပါတယ်။Slow Killingပေါ့။ ဖြည်းဖြည်း ချင်း လူသတ်တဲ့သဘော ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကိစ္စကိုTop ပေါ့။ ပထမဦးစားပေး အနေနဲ့ ဆက်လက်ပြီး ဒီလာမယ့် ၂ဝ၁၈ မှာ အဓိက ထားပြီး လုပ်မယ်ဆိုတာကို ကျွန်တော် တင်ပြ လိုပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါ ပထမဆုံး မေးခွန်းဖြစ်ပါတယ်။ ကျေးဇူး တင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ကျွန်တော်တို့ ပထမဆုံးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်ကြည် ညွန့်ရဲ့ မေးခွန်းအပေါ်မှာ ပြည်ထောင်စု ဝန်ကြီးက သေချာဖြေသွားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါ ဝန်ကြီးရဲ့ ဖြေကြားချက်အရဆိုရင် ဒါ အမျိုးသား ကျန်းမာရေးနှင့် သက်ဆိုင်တယ်။ သက်ဆိုင် တော့ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲနှင့် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်တဲ့ အနေအထားဖြစ်တယ်။ အဲဒီတော့ ကျွန်တော် တို့ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကျောင်း တွေလည်းလိုတယ်။ ဆရာ မိဘတွေ၊ ဆရာ ဆရာမတွေကိုပါ ပညာပေးမယ်ဆိုတာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်လည်းဖြစ်တယ်။ ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ်ပြန်ပြီးတော့ ကိုယ့်မိဘတွေ၊ ကျောင်း ဆရာ ဆရာမတွေကို ဒီလို စည်းရုံးနိုင်ဖို့ အနေ အထားမျိုး လိုအပ်သွားတဲ့အနေအထားမျိုး ဖြစ်တယ်။ ဒါကလည်း ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ ဒါမှတ်သားထားပေးပါ။ ဒါဝန်ကြီးဖြေတာ တော်တော် ကောင်းပါတယ်။ အမျိုးသားကျန်းမာရေးနှင့် ပတ်သက်လို့။ အဲဒီ တော့ ကျွန်တော်တို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ မဲဆန္ဒနယ်ပြန်ရောက်လျှင် ဒါ ခုနက ဝန်ကြီး ပြောသွားသလိုပဲ ပညာပေးနိုင်ဖို့ ဆောင်ရွက် ပေးပါ။ ကျွန်တော် ဒါ ဝန်ကြီးကိုလည်း မေတ္တာ ရပ်ခံချင်တာက ဝန်ကြီးတို့ရဲ့ ဆောင်ရွက် ချက် ကလေးတွေကို ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အားလုံး တိတိကျကျလေး သိနိုင်အောင် ပေါ့။ ဘယ်လိုလုပ်သင့်တယ်။ ဝန်ကြီးတို့ဌာန ဘယ်လိုလုပ်တယ်ဆိုတာလေးကို လာပြီး တော့ ဟောပြောပွဲလေး တစ်ခုလောက် ပညာရှင်တွေ ဒါလေးကို လာလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

No comments:

Post a Comment