Sunday, February 4, 2018

ပြည်ထောင်စုကြီး၏ နေရာအနှံ့အပြားမှ ရောက်ရှိနေကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ပြည်ထောင်စုစိတ်ဓာတ်နှင့် ရင်တွင်းစကားသံများ

Image may contain: 1 person, standing, hat and closeup

''ရင်းနှီးတဲ့ နွေးထွေးတဲ့ အပြုံးများနဲ့ ဆုံတွေ့ကြတဲ့အခိုက်မှာ ကောင်းခြင်းတွေ အတူတူဝေမျှစို့'' ''အနီးလေးက အဝေးကြီးက သွေးချင်းများဆုံတွေ့ကြတဲ့အခိုက်မှာ ကောင်းခြင်းတွေ အတူတူပိုင်ကြစို့''ဆိုသည့် တေးသံရှင် နီနီခင်ဇော်၏ ''ခိုင်မြဲသော ယုံကြည်ခြင်းခရီး'' တေးသီချင်းနှင့် ''ယုံကြည်မှုဟာ…ငြိမ်းချမ်းရေးအတွက်…အလွန်အရေးကြီးတာ…ယုံကြည်မှုဟာ…ငြိမ်းချမ်းရေးအတွက်…အရေးကြီးတဲ့…တွန်းအားတစ်ရပ်ပါ…ယုံကြည်မှုဟာ…တိုးတက်ခြင်းအတွက်…အလွန်အရေးကြီးတာ'' ဆိုသည့် တေးသံရှင် မို့မို့လွင်၏ ''ရွှေမြန်မာသာယာငြိမ်းချမ်း'' တေးသီချင်းသံများက နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် ပျံ့လွင့်နေသည်။
အဆိုပါ တေးသီချင်းများနှင့်အတူ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် နေပြည်တော် မြို့တော်ခန်းမ လဟာ ပြင်ကဇာတ်ရုံတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူးဇာတ်တိုက်လေ့ကျင့်မှုများကို မြင်တွေ့နေရသည်။
ထိုသို့ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားအပြီး တွင် ဖျော်ဖြေကြမည့် ပြည်ထောင်စုကြီး၏ နေရာအနှံ့အပြားမှ ရောက်ရှိနေကြ သည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ပြည်ထောင်စုစိတ်ဓာတ်နှင့် ရင်တွင်းစကားသံများမှာ-
မောင်အဂွန်း (ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့မှာ ၂၈ ဦးပါဝင်ပါတယ်။ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း က နေပြည်တော်ရောက်ပါတယ်။ တိုင်းရင်းသားအားလုံးကို တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါတယ်။ နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစိတ်ဓာတ်ရှိမှသာ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်က ပြည့်စုံမယ်လို့ ခံယူပါတယ်။ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသား အားလုံးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်ပုံတွေကို အားလုံးကို ချပြခွင့်ရတဲ့ အတွက် အလွန်ပဲ ဝမ်းသာမိပါတယ်။
ခူးဘောရယ် (ကယားရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့က ဖားစည်သီချင်းနဲ့ဖျော်ဖြေမှာဖြစ်ပါတယ်။ ပြည်ထောင်စု ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့လ ၁၅ ရက်ကစပြီး ၃ဝ ရက်နေ့အထိ အကတိုက်ခဲ့ရပါတယ်။ နေထိုင်စားသောက်ရေး အားလုံး အဆင်ပြေပါတယ်။
ဦးနောက်ယူ (ကယန်း ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကယန်းလူမျိုးစုအနေနဲ့ သွေးချင်းညီအစ်ကိုသီချင်းနဲ့ သီဆိုဖျော်ဖြေမှာပါ။ တိုင်းရင်းသားအားလုံး စိတ်ဓာတ်ညီညီလက်တွဲချင်တယ်။ ပြည်ထောင်စု တိုင်းရင်းသားအားလုံး အေးအတူ ပူအမျှ အတူတူ စုပေါင်းနေထိုင်မှုကို လိုချင် တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ငြိမ်းချမ်းရေးအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
စောအောင်စိုးမိုး (ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့)
''ပြည်တိုင်းဌာနေစည်ပင်ဖို့ တို့တစ်တွေကြိုးပမ်းစို့'' ဆိုတဲ့ သီချင်းနဲ့ ဖျော် ဖြေမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားတွေအားလုံး ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံး အတူရှိနေချင်ပါတယ်။ နေပြည်တော်က ညီအစ်ကို မောင်နှမ တွေနဲ့တွေ့ရလို့ ပျော်ပါတယ်။
မလျာကျင်းမွမ်းဟွဲ (ချင်းပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်မတို့အဖွဲ့က ဂုဏ်ယူပျော်ရွှင်ဖွယ် ဒို့မြေကမ္ဘာသီချင်းနဲ့အတူ တိုင်းပြည်သာယာစေဖို့ ဆုတောင်းမေတ္တာပို့သထားတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေ မှာဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေအကုန်လုံးက တစည်းတလုံး တည်းပါ။ အားလုံးဟာ ညီအစ်ကို မောင်နှမတွေ ဖြစ်တယ်လို့လည်း မြင်ပါတယ်။ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုးက တွေ့ဆုံမှုနည်းတယ်။ ပြည်ထောင်စုနေ့ လုပ်တဲ့အခါမှာ တွေ့ဆုံရတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက်လည်း ကောင်းတယ်လို့ထင်ပါတယ်။
မောင်ဟိန်းကို၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်
သဘင်ပညာဌာန တတိယနှစ်ကျောင်းသား
ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုဖြစ်ပါတယ်။ သီချင်းက ဆရာဓိရာမိုရ် ရေးစပ်သီကုံးထားတဲ့ တို့ပြည်ထောင်စုအတွက် ဆိုတဲ့ သီချင်းဖြစ် ပါတယ်။ တစ်လလောက်နီးပါး အချိန်ယူပြီးတော့ အကတိုက်ခဲ့ရပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နဲ့ ဆုံတွေ့ခွင့်ရတယ်။ သူတို့ရဲ့ရိုးရာအကအလှတွေကို လေ့လာခွင့်ရတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အလွန်ကောင်းတယ်လို့ မြင်ပါတယ်။
မခင်စုလှိုင် (ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်မတို့က ရခိုင်ရိုးရာယဉ်ကျေးမှုအကအနေနဲ့ကတော့ ရခိုင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအရ ဓလေ့စရိုက်တွေကို ဖော်ပြထားတဲ့ ရခိုင်စာဂီထိန်းကတ်လီဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက နိုင်ငံတစ် ဝန်းက ပြည်ထောင်စုသားအားလုံး စိတ်ဓာတ်တစ်ထပ်တည်းကျပြီဆို အဲဒါ ပြည်ထောင်စုစိတ်ဓာတ်လို့ ယူဆပါတယ်။ တိုင်းရင်းသားပေါင်းစုံကို တစ်နေရာ တည်းမှာ တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။
မနိုနိုထက်ကို၊ တတိယနှစ် ဓာတု(မွန်ရိုးရာ ယဉ်ကျေးမှုအဖွဲ့)
ကျွန်မတို့ မွန်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့က သုဝဏ္ဏဘူမိဂုဏ်ရောင် ဆိုတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ နေ့ညမရွေး မနား တမ်းကြိုးစားပြီး အကတိုက်ခဲ့ပါတယ်။ အခုလို လာရောက်ဖျော်ဖြေရတဲ့အတွက် ဂုဏ်ယူကျေနပ်မိပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံရ လို့လည်း ဝမ်းသာမိပါတယ်။
နန်းစန်းသီတာထွေး (ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့)
တောင်ကြီးမြို့မှာ အက ၁ဝ ရက်တိုက်ခဲ့ပါတယ်။ နေပြည်တော်ကို ဇန်နဝါရီ ၃၁ ရက်မှာ ရောက်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့စရိုက်တွေကို မြင်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အခုလို စီစဉ် ပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။
နန်းမြစန္ဒာ (ပအိုဝ်းရိုးရာယဉ်ကျေးမှုအဖွဲ့)
ပအိုဝ်းရဲ့ ယဉ်ကျေးမှုမှာ မိန်းကလေးတွေဆို ပလိုင်း၊ ယောက်ျားလေးတွေ ဆို လွယ်အိတ်လွယ်ပါတယ်။ တောင်ကြီးမှာ ၁ဝ ရက် အကလေ့ကျင့်ခဲ့ရပါတယ်။ အခုလို တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခွင့်ရပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီ တဲ့ဓလေ့ကို လေ့လာခွင့်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။
ဦးခင်မောင်ဝင်း (ဒုတိယညွှန်ကြားရေးမှူး၊ အနုပညာဦးစီးဌာန)
(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဖျော်ဖြေရေးအင်အား အမျိုး သား ၁ဝဝ၊ အမျိုးသမီး ၃ဝ၅ ယောက်နဲ့ ဖျော်ဖြေသွားမှာပါ။ စုစုပေါင်းအင်အား ၄ဝ၅ ဦးရှိပါတယ်။ တိုင်းရင်းသား အစုံအလင်နဲ့ မြန်မာ့ရိုးရာတွေကို အားလုံး ပေါင်းစပ်ပြီးတော့ ဖျော်ဖြေတင်ဆက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေကြပါတယ်။ အနုပညာဦးစီးဌာနက အမျိုးသမီး ၃၆ ယောက်နဲ့ အဖွင့်သီချင်းတစ်ပုဒ်ပါတယ်။ ပြီးရင် သီချင်းကြီး သရုပ်ဖော်ထားတဲ့ လှည်းယဉ်ကြော့ကြော့ဆိုတဲ့ သရုပ်ဖော် ဇာတ်လမ်းလေး တစ်ခုလည်း ပါပါတယ်။ နောက်ဆုံးအပိတ်က အနုပညာဦးစီး ဌာနနဲ့ တိုင်းဒေသကြီးအားလုံး စုပေါင်းကတဲ့ စုပေါင်းယိမ်းတစ်ခုလည်းပါ တယ်။ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ ရိုးရာသီချင်းတွေနဲ့ အကတွေကို လှလှပပဖျော်ဖြေဖို့အတွက် လေ့ကျင့်နေပါတယ်။ ပြည်ထောင်စု နေ့မှာပါဝင်တဲ့ အင်အားနဲ့အတူ တိုင်းရင်းသားကျေးရွာမှာ (၈)နှစ်မြောက် အထိမ်းအမှတ်နဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ သွားရောက်ဖျော်ဖြေဖို့အတွက် ပေါင်းစပ်လေ့ကျင့်နေကြပါတယ်။
သတင်း-မျိုးမြင့်၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိန်နန်နော်

No comments:

Post a Comment