Sunday, February 4, 2018

ဖလမ်းနှင့် ဟားခါးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကြည့်ရှုစစ်ဆေးဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းကို အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်မှာကြား

Image may contain: 2 people, people standing, mountain, sky, outdoor and nature
ဟားခါး ဖေဖော်ဝါရီ ၃
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ချင်းပြည်နယ်ရှိ ဖလမ်းနှင့် ဟားခါးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက် ၈ နာရီ မိနစ် ၅ဝ တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်သို့ရောက်ရှိကြရာ MC-Jalux Airport Services Co.,Ltd.မှ Vice President, Mr. Futoshi Hiroi က လေဆိပ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Video Projector ဖြင့် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ကမ္ဘာလှည့်ခရီး သွားများ ဝင်ရောက်မှုပိုမိုများပြားလာသဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလေဆိပ် များ၌ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မြန်မာအမျိုးသားလေကြောင်း ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သို့ရောက်ရှိကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) အောင်ဇေယျရိပ်သာ၌ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်တို့က ချင်းပြည်နယ် ခိုင်ကမ်းမြို့ရေဘေးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေး-သိုင်းငင်း ကားလမ်း အား JICA အကူအညီဖြင့် လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းနှင့် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်(၂၇/၄)နှင့် (၂၈/၄)အတွင်းရှိ လေးထပ်ကွေ့နေရာ ရှောင်ကွင်းလမ်း လမ်းအူကြောင်းသစ်ဖောက်လုပ်သည့်နေရာသို့ မော်တော် ယာဉ်များဖြင့်ရောက်ရှိစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ လမ်းအူကြောင်းသစ်အစား မူလလမ်းဟောင်းကိုသာ အဆင့်မြှင့်တင်ဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် သိုင်းငင်းဆောက်လုပ်ရေးရှင်းလင်းဆောင်သို့ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ချင်းပြည်နယ်အတွင်းရှိ လမ်း၊ တံတားဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ က လေဆိပ်သစ်စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက စီမံကိန်းကို စနစ်တကျဖြင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လေဆိပ်စီမံကိန်းတည်ဆောက်ရာတွင် လိုအပ်ပါက ပြည်ပပညာရှင်များ၏ နည်းပညာအကူအညီနှင့် အထောက်အပံ့များ ရယူဆောင်ရွက်သွားစေလို ပါကြောင်း၊ စီမံကိန်းအတွက် လိုအပ်သည့်လျှပ်စစ်ဓာတ်အားနှင့် ရေအလုံ အလောက်ရရှိနိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက် သွားစေလိုပါကြောင်း ပြောကြားသည်။
အဆိုပါ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေးစီမံကိန်းသည် ဖလမ်းမြို့၏အနောက်ဘက် ၈ ဒသမ ၅ မိုင်အကွာရှိ ဆူရ်ဘုန်တောင်ကြော၌ တည်ရှိကြောင်း၊ လေယာဉ်ပြေးလမ်းအလျားပေ ၆ဝဝဝ၊ အကျယ် ပေ ၁ဝဝ ရှိကြောင်းနှင့် ATR 72လေယာဉ်များဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၈၅/၂) နှင့် (၈၅/၃) အကြား မြေထိန်းနံရံတည်ဆောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုင်ဗားရေလှောင်တမံရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက လိုင်ဗားရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ အောက်လိုင်ဗားရေလှောင်တမံ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ များနှင့် ဖလမ်းမြို့နှင့် ဟားခါးမြို့များသို့ ရေပေးဝေဖြန့်ဖြူးပေးနိုင်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိရေးကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရေကိုအကျိုးရှိစွာ အသုံးချစေလိုပါကြောင်း၊ တမံကို ရေရှည် အသုံးပြုနိုင်ရန် ရေထိန်းဧရိယာများနှင့် ရေဝေရေလဲဒေသများ သတ်မှတ်၍ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရေသွယ်တန်းမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာမှု များ ပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment