Thursday, February 1, 2018

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် ညှိနှိုင်းဆွေးနွေး

Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်နှင့် အတွင်းရေးမှူးများ၊Forever Group Co.,Ltd မှ အကြံပေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊Forever Group Co.,Ltd အကြံပေးပုဂ္ဂိုလ် ဦးသိန်းထွန်းအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က မြန်မာ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယနေ့အစည်းအဝေး၌ ရုပ်ရှင်ထုတ်လုပ်ရာတွင် အခက်အခဲဖြစ်နေမှုများ၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ရာ တွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ရုပ်ရှင်ဥပဒေ မူကြမ်းကို မကြာခင် အကောင်အထည်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းနေမှု၊ ဆင်ဆာကဏ္ဍနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးရန် လိုလားချက်များကို ဆွေးနွေးကြ သည်။
သတင်းစဉ်

No comments:

Post a Comment