Thursday, February 1, 2018

ဇီဝမျိုးကွဲစာရင်းကောက်ယူခြင်း သုတေသနမှ ငါးမျိုးစိတ်တစ်မျိုး၊ သစ်ခွမျိုးစိတ်တစ်မျိုး၊ အပင်မျိုးစိတ် နှစ်မျိုး ဖော်ထုတ်တွေ့ရှိ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေ သနဌာနတို့နှင့် တရုတ်သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းစီစဉ် သည့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်Grand Amara Hotel ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားပြီး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်ပတ်သက်သည့် သုတေသန စာတမ်းပေါင်း ၁၅ စောင်ကို တင်သွင်းဖတ်ကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီတို့ ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲစာရင်းကောက်ယူခြင်းနှင့် ကာကွယ်ထိန်း သိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ငါးနှစ်ကြာ သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အဖွဲ့အစည်းများမှာ ကူမင်းရုက္ခဗေဒဌာန၊ ကူမင်းဇီဝဗေဒဌာန၊ စစ်ဆောင်ပနားအပူပိုင်းရုက္ခဗေဒ ဥယျာဉ်နှင့် ချန်ဒူးဇီဝဗေဒဌာနတို့ဖြစ်ကြသည်။
ဇီဝမျိုးစုံမျိုးကွဲစာရင်းကောက်ယူခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများ၊ အသိပညာပေးရေး လုပ်ငန်းများ၊ အခြားအရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ သုတေသနဌာန (Southeast Asia Biodiversity Research Institute-Chinese Academy of Science) ကို သစ်တော သုတေသနဌာန ရေဆင်း၌ ၂ဝ၁၆ ခုနှစ် မတ်လတွင် ဖွင့်လှစ်ကာ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ဤစီမံကိန်းမှ အဓိကဆောင်ရွက်သော သုတေသန လုပ်ငန်းနယ်ပယ်များသည် အပင်ဇီဝမျိုးစုံမျိုးကွဲ စာရင်း ကောက်ယူခြင်း၊ တောရိုင်းတိရစ္ဆာန်များ စာရင်း ကောက်ယူခြင်း၊ ရေနေသတ္တဝါများ စာရင်းကောက်ယူ ခြင်းနှင့် မြန်မာနိုင်ငံရှိ သဘာဝတောထွက် ဟင်းသီး ဟင်းရွက်နှင့် ဆေးဖက်ဝင်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ အတွက် အထောက်အကူပြုနိုင်သည့် လုပ်ငန်းများဖြစ် သည်။
ဆောင်ရွက်ခဲ့သည့် စီမံကိန်းကာလအတွင်း ငါးမျိုး စိတ်သစ် တစ်မျိုး၊ သစ်ခွမျိုးစိတ်သစ် တစ်မျိုးနှင့် အပင်မျိုး စိတ်သစ် နှစ်မျိုးတို့ကို ဖော်ထုတ်တွေ့ရှိကာ နိုင်ငံတကာ အသိအမှတ်ပြုပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် ဖော်ပြပါရှိခဲ့သည်။ စီမံကိန်းမှဆက်လက်၍ အပင်မျိုးစိတ် အသစ်များ၊ ရေနေသတ္တဝါမျိုးစိတ်သစ်များ၊ တောရိုင်း တိရစ္ဆာန်များဆိုင်ရာ အချက်အလက်များကို ဖော်ထုတ် ရရှိလာနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုကို အထောက်အကူပြုနိုင်မည့် ကိန်းဂဏန်း အချက်အလက်များကို ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment