Thursday, February 1, 2018

သတင်းထောက်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ဆူဇီ

Image may contain: one or more people, people standing and shoes
ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ်မှသည် သရုပ်ဆောင်တစ်ဦးအဖြစ်အထိပါ အောင်မြင်လာခဲ့တဲ့ ဆူဇီဟာ လတ်တလောမှာတော့ သူ့ရဲ့ တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေနဲ့တွေ့ဆုံကာ မိတ်ဆက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဆူဇီဟာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြေလည်အောင်ဖြေကြားနိုင်ခဲ့ခြင်းမရှိဘဲ မေးခွန်းနဲ့ ဆီလျော်မှုမရှိတဲ့ အဖြေတွေကိုသာ တစ်ချိန်လုံးပေးနေတဲ့အပေါ် သတင်းထောက်တွေက ဆူဇီဟာ ပရော်ဖက်ရှင်နယ်တစ်ဦး မပီသကြောင်း ဝေဖန်ခဲ့မှုတွေ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာခဲ့ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာတော့ ဆူဇီဟာ သူ့ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်တဲ့ ''Faces of Love''နဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့ ဆိုးလ်မှာ တွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံစဉ်မှာတော့ သတင်းထောက်တွေက ဆူဇီရဲ့ တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းခဲ့ကြသလို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းတွေပါ မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို တေးအယ်လ်ဘမ်သစ်နဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းတွေကို ကြားခဲ့ရချိန်မှာတော့ ဆူဇီဟာ သင့်တော်တဲ့ အဖြေမျိုး မပေးနိုင်တဲ့အပြင် ဆီလျော်မှုမရှိတဲ့အဖြေတွေနဲ့ ပြန်လည်ဖြေကြားခဲ့တာကြောင့် လတ်တလောမှာ အသက်(၂၃)နှစ် အရွယ်ရှိပြီဖြစ်ကာ အနုပညာသက်တမ်း ကိုးနှစ်ခန့်ရှိပြီဖြစ်တဲ့ ကြယ်ပွင့်ဟာ ပရော်ဖက်ရှင်နယ် မပီသကြောင်း သတင်းသမား တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
ဆူဇီဟာ သူ့ရဲ့တေးအယ်လ်ဘမ်သစ်မှာ ဘယ်လိုအချစ်တွေကို ပုံဖော်သွားမှာလဲဆိုတဲ့ မေးခွန်းကိုတောင်မှ ကောင်းမွန်စွာ ဖြေကြားနိုင်ခြင်းမရှိခဲ့တာပါ။ ယင်းမေးခွန်းကို ဆူဇီက ''၂၅ နှစ်အရွယ်မှာ အချစ်ဆိုတာ''လို့ ပြောကြားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ရင်းက နောက်ဆုံးမှာတော့ တောင်းပန်ပါတယ်ဆိုတဲ့အဖြေကိုသာ ပြန်လည်ပေးကာ မေးခွန်းနဲ့လိုက်ဖက်တဲ့ အဖြေကိုတော့ ဖြေကြားသွားခဲ့ခြင်းမရှိပါဘူး။ တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ပွဲဖြစ်ပေမယ့် တေးအယ်လ်ဘမ်နဲ့ ပတ်သက်တဲ့မေးခွန်းတွေကိုတောင်မှ ဆူဇီက ဖြေကြားနိုင်ခြင်းမရှိတာပါ။ ဒီအတွက် ဆူဇီဟာ ကြိုတင်ပြင်ဆင်မှုနဲ့ စကားပြော စွမ်းရည် အလွန်ကိုနည်းပါးကြောင်းနဲ့ ကြယ်ပွင့်တစ်ဦးရဲ့ အရည်အချင်းမပြည့်ဝကြောင်း ဝေဖန်ခံခဲ့ရပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်းဖြစ်တဲ့ မင်းသား လီမင်ဟိုနဲ့ လမ်းခွဲလိုက်ရတဲ့အကြောင်းကို မေးမြန်းခဲ့ရာမှာလည်း ဆူဇီက မရေမရာဆိုခဲ့ပြန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ တေးဂီတအဖွဲ့ ''MissA''ကို ဖျက်သိမ်းလိုက်တဲ့အပေါ် မေးခွန်းမေးခဲ့ရာမှာလည်း ဆူဇီက ဒီလိုအဖွဲ့ဖျက်သိမ်းခဲ့တာဟာ သူ့အတွက်တော့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
လတ်တလောပြုလုပ်ခဲ့တဲ့ပွဲဟာ ဆူဇီအနေနဲ့ တေးဂီတအဖွဲ့ဖျက်သိမ်းတာတွေ၊ ချစ်သူအဖြစ် အချိန်အတော်ကြာ လက်တွဲလာတဲ့ မင်းသား လီမင်ဟိုနဲ့လမ်းခွဲခဲ့တာတွေ စတဲ့ ပရိသတ်တွေကို ရိုက်ခတ်ခဲ့တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုသတင်းတွေဖြစ်ခဲ့ပြီး သူ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို ပြန်လည်ထုတ်လွှင့်ပြီးနောက် ပြုလုပ်ခဲ့တဲ့ပွဲလည်းဖြစ်ပေမယ့် ဆူဇီရဲ့ ကြိုတင်ပြင်ဆင်မှုအား အလွန် နည်းခဲ့ခြင်းက ပရိသတ်ကို စိတ်ပျက်စေခဲ့ပါတယ်။ အချို့သောပရိသတ်တွေက ဆူဇီဟာ ရုပ်ကလေးလှပေမယ့် အသိပညာ ဗဟုသုတ လုံးဝမရှိသူတစ်ဦးဖြစ်ကြောင်း၊ အချို့ကလည်း သူ့ကို စကားပြောစွမ်းရည်အတွက် လေ့လာစေလိုကြောင်း အွန်လိုင်း မီဒီယာတွေပေါ်ကနေတစ်ဆင့် ဝေဖန်မှုတွေပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အေးပြည့်

No comments:

Post a Comment