Monday, February 26, 2018

တောင်သူများ၏ အသက်သွေးကြော တာတမံများအား စနစ်တကျ ကြီးကြပ်ရန် မှာကြား

Image may contain: 3 people, people standing, sky, outdoor and nature
ပဲခူး ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက ပဲခူးမြို့နယ် လဂွမ်းပြင် လယ်သမားတာ တည်ဆောက်ခြင်းလုပ်ငန်းခွင့်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးညွန့်က လဂွမ်းပြင် လယ်သမားတာ တည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က တာ၊ တမံများ သည် လယ်သမားများ၏ အသက်သွေးကြောဖြစ်ပြီး စိုက်ပျိုးရေရရှိရေး၊ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးစသည့် ရည်ရွယ် ချက်များဖြင့် တည်ဆောက်နေရခြင်းဖြစ်ကြောင်း၊ တာ၊ တမံများ တည်ဆောက်ရာတွင် ခိုင်ခံ့မှုနှင့် လုံခြုံစိတ်ချရမှုသည် အလွန်အရေးကြီးကြောင်း၊ အကြိမ်ကြိမ်အခါခါစနစ်တကျ ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။
အဆိုပါ လဂွမ်းပြင် လယ်သမားတာသည် မြေသားတာတမံအမျိုးအစားဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၃၈ ဒသမ ၅၈ သန်း၊ တာထိပ်အကျယ် ၁၄ ပေ၊ ပျမ်းမျှအမြင့် ၁ဝ ပေ၊ အလျားနှစ်မိုင်၊ မြေကျင်း ၄၆၄၉၄ ဖြင့် တင်ဒါအောင်မြင်ခဲ့သော မြေလတ်သစ္စာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်မတ်လအတွင်း ဆောင်ရွက်ပြီးစီးမည်ဖြစ်၍ပတ်ဝန်းကျင်ရှိ လသာအေး၊ လသာကုန်း၊ကော့ချဲ၊ ဘုရားငုတ်တို၊ ထုံးကြီးစသည့် ကျေးရွာအုပ်စု ငါးအုပ်စုအတွင်းရှိစိုက်ပျိုးမြေဧရိယာဧက ၅ဝဝဝ အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment