Wednesday, February 28, 2018

ပဲခူးမြို့တွင် ခုတင် (၅ဝ) ဆံ့ တိုင်းရင်းဆေးရုံသစ် ဖွင့်လှစ်

Image may contain: one or more people, people standing and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ပဲခူးမြို့ရှိ ပြည်သူများအား တိုင်းရင်းဆေးဖြင့် အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် တည်ဆောက်သည့် ခုတင်(၅ဝ)ဆံ့ တိုင်းရင်းဆေးရုံ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံတည်ရှိရာ ဥဿာမြို့သစ် (၇) ရပ်ကွက်ရှိ ဓမ္မစေတီလမ်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်က ပြည်သူ တစ်ရပ်လုံး၏ ကျန်းမာရေးအား ဦးစားပေးဆောင် ရွက်လျက်ရှိပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှစ်စဉ် ကျန်းမာရေးဘဏ္ဍာငွေများကို ပိုမိုတိုးမြှင့်ချထား ပေးသည့်အပြင် ဆေးရုံဆေးခန်းများကိုလည်း တိုးချဲ့ဆောက်လုပ်ပေးနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တိုးချဲ့ပေးသည့်အတွက် တိုင်းရင်းဆေးဆရာများ၊ ဆရာဝန်များ၊ သူနာပြုများ စသည့် ကျန်းမာရေးဝန်ထမ်းများအား တိုးမြှင့် ခန့်ထားပေးနိုင်ခဲ့ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနက ခုတင် (၅ဝ)ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်လှစ်နိုင်သည့်အတွက် ပြင်ပလူနာများအပြင် အတွင်းလူနာများကိုပါ လက်ခံကုသပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် ယခင်ကထက် ပိုမိုစောင့်ရှောက်မှုပေးနိုင်တော့ မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဆေးရုံ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ်ကို နိုင်ငံတော်မှ ကုန်ကျခံ ဆောက်လုပ်ပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး က ပြောသည်။
''ကျွန်တော်တို့ ပဲခူးမြို့မှာ အရင်က မြို့နယ် တိုင်းရင်းဆေးကုဌာနပဲရှိပြီး ပြင်ပလူနာတွေပဲ ကုသခံယူခွင့်ရပါတယ်၊ အခုလို တိုင်းရင်းဆေးရုံကြီး ဖွင့်လှစ်ပေးတဲ့အတွက် ပြင်ပလူနာတွေအပြင် အတွင်းလူနာတွေပါ တက်ရောက်ကုသခွင့်ရတော့ မှာဖြစ်လို့ အလွန်ပဲဝမ်းမြောက်မိပါတယ်၊ ကျွန်တော်တို့ ဒေသခံပြည်သူတွေကလည်း ဒီဆေးရုံကြီး ရေရှည်တည်မြဲဖို့ တာဝန်ထမ်းဆောင် ကြတဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်တဲ့ အကူအညီတွေကို အတတ်နိုင်ဆုံးပေးသွားပါမယ်၊ သက်ဆိုင်ရာအစိုးရ အဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ပါ တယ်'' ဟု ဒေဝယက္ခဆေးတိုက်ပိုင်ရှင် သမား တော်ကြီး ဦးဖြေက ကျေးဇူးတင်စကားပြောကြား သည်။
ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းဆေးရုံ တစ်ရုံ၊ ခရိုင်အဆင့်တိုင်းရင်းဆေးကုဌာန လေးခု၊ မြို့နယ်တိုင်းရင်းဆေးကုဌာန ၂၂ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း၊ ၂ဝ၁၇ ခုနှစ်အတွင်း ဆေးရုံ၊ ဆေးကုဌာနများတွင် အတွင်း လူနာ ၉၉၃ ဦး၊ ပြင်ပလူနာ ၁ဝ၃၄၉၅ ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ကြောင်း သိရ သည်။
ယနေ့အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များ တက်ရောက် ကြသည်။
သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-နေဝန်းရောင်

No comments:

Post a Comment