Sunday, February 25, 2018

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ ငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီ ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေ

Image may contain: 2 people, people sitting and indoor
ပဲခူး ဖေဖော်ဝါရီ ၂၄
နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများ ငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီ ပြင်ဆင်သတ်မှတ်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊ အဆောက်အအုံ၊ စက်ရုံများ နှစ်ရှည် (B.O.T)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီများနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံးတော်ဝင်ဟံသာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားရာတွင် ယခင်အစိုးရ ခေတ်အဆက်ဆက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊အဆောက်အအုံ၊ စက်ရုံများအား ပုဂ္ဂလိကကုမ္ပဏီများသို့ နှစ်ရှည် (B.O.T) စနစ်ဖြင့်ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ယခုအခါကုမ္ပဏီများက သတ်မှတ်ထားသည့် စာချုပ်ပါအချက်များအတိုင်း လုပ်ကိုင်နေခြင်း ရှိ၊ မရှိ၊ငှားရမ်းထားသည့် ဈေးနှုန်းများသည် ခေတ်နှင့်အညီ ဖြစ်၊ မဖြစ် စသည့် အခြေအနေများကို သုံးသပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေရာတွင်လုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိပြီး တိုင်းပြည်အတွက် ရသင့်ရထိုက်သော အခွန်ငွေများရရှိရန် လိုအပ်မည်ဖြစ်ကြောင်း မြေနေရာအား လက်ဦးမှုရယူထားသည့်ပုံစံမျိုးကို လက်မခံဘဲ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များကိုသာလက်တွဲ ခေါ်ဆောင်သွားမည်ဖြစ်ပြီး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း လုပ်ငန်းရှင်များနှင့် မိသားစုအသွင်သဏ္ဌာန်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီး ဌာနပိုင် မြေ၊ အဆောက်အအုံ၊ စက်ရုံများ ငှားရမ်းထားရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်နေမှု၊ အခွန်အခများ နှစ်အလိုက်တိုးမြှင့်ပေးဆောင်နိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများ၊ စိုက်ပျိုးမြေများ၊ သကြားစက်များ၊ ချဉ်ပေါင်ပျော့ဖတ် စက်ရုံ၊ လျှော်ရွေးလျှော်ထုပ်စက်ရုံများ၊ စိုက်ပျိုးရေးခြံများ စုစုပေါင်း ၂၂ ခုကို ပြင်ပပုဂ္ဂလိက ပြည်တွင်းကုမ္ပဏီ ၁၃ ခုသို့ နှစ်ရှည်B.O.Tစနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုထား ပြီး နှစ်စဉ်ကျပ်သိန်း ၉၄၆၇ ဒသမ ၉၂၈ အား ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးသွင်း လျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment