Sunday, February 4, 2018

လူငယ်စွန့်ဦးတီထွင်သူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍မြန်မာ့စွန့်ဦးတီထွင်ပွဲတော် မန္တလေးမြို့တွင် ကျင်းပ

Image may contain: 1 person
မန္တလေး ဖေဖော်ဝါရီ ၃
လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင် အသစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စွန့်ဦးတီထွင် ပွဲတော် (Myanmar Entrepreneurs Carnival- MEC 2018) ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိMIITတွင် ယနေ့ နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်၊ MRCCI ဂုဏ်ထူးဆောင် နာယက ဦးအောင်ဝင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊MYREA ဥက္ကဋ္ဌ ဦးမိုးကျော်ကျော်၊MYEA(ရန်ကုန်)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်MRCCI ဥက္ကဋ္ဌ ဦးကျော်မင်းတို့က Myanmar Entrepreneurs Carnival စာတမ်းအား ပုံဖော်ပေး ခဲ့ကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ဒီနေ့ပွဲတော်ကတော့ စွန့်ဦးတီထွင်လုပ်နေတဲ့ လူငယ်လေး တွေရဲ့ ပညာ၊ ကျွမ်းကျင်မှု၊ သူတို့ရဲ့ တတ်သိမှုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကို တစ်ဖက်တစ်လမ်းက အားပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့လိုက်ရတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် အားတက်မိတယ်ဆိုတဲ့ စိတ်ပေါ်လာပါတယ်။
''ပညာနဲ့ နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေမယ့် အာမခံချက် တစ်ခုလို့ မြင်မိလိုက်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးအတွက် အားတက်မိပါတယ်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလိုလုပ်ငန်းရှင် လူငယ်လေးတွေကို တွေ့တဲ့အခါမှာ သူတို့ကို ကျွန်တော်တို့ အစိုးရကူညီပေးနိုင်တဲ့ဟာ မှန်သမျှ အကုန်ကူညီပေးရပါမယ်၊ တိုင်းပြည်မှာ ဒီလို စီးပွားရေးလူငယ်လုပ်ငန်းရှင်တွေ အများကြီး ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တာ တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်ပေးတာပဲ၊ ကျွန်တော်တို့ နိုင်ငံမှာ လူကြီးတွေက လူငယ်တွေကို နေရာပေးဖို့ လိုလာပြီ ဆိုတာ ပြတာပဲလေ၊ လူကြီးစီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လုပ်ငန်း တွေကို လူငယ်တွေလက်ထဲအပ်ဖို့ အချိန်တန်နေပါပြီလို့ သတင်းစကား ပေးချင်ပါတယ်''ဟု အမှာစကား ပြောကြားခဲ့သည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYREA)ဥက္ကဋ္ဌ ဦးမိုးကျော် ကျော်ကလည်း ''လူငယ်လုပ်ငန်းရှင် တွေ Networkထူထောင်ထားမယ်၊ နောက်ပြီးတော့ လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေရအောင် ဖန်တီး ပုံဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်ခြင်းဖြစ်ပါတယ်။ SME လို့ခေါ်တဲ့အဖွဲ့တွေကပြတဲ့ ပြခန်းတွေ ရှိပါတယ်၊ လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်အဖွဲ့လေးတွေ ပြသထားတဲ့ ပြခန်းတွေရှိတယ်၊ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကအဖွဲ့တွေ ရှိပါတယ်။ နောက် ပညာရေးဇုန်၊ လူငယ်တွေဟာ ခေါင်းဆောင်တဲ့ ကဏ္ဍမှာ ပါဝင်လှုပ်ရှား နေတယ်ဆိုတာကို သိစေချင်တဲ့ အတွက် ပညာရေး Industry ညီတွေ၊ ညီမငယ်တွေရဲ့ တီထွင်မှု ပြခန်းတွေပါပါတယ်၊ ဒီပွဲမှာ လုပ်တဲ့အဓိက ရည်ရွယ်ချက် တစ်ခု ရှိတယ်''ဟု ပြောသည်။
မြန်မာ့စွန့်ဦး တီထွင်ပွဲတော်ကြီး တွင် Pitching Program များ၊Panel Discussionsများ၊ အချိန်တိုသင်တန်း များ၊Start Up လုပ်ငန်းရှင်များ၏ ပြခန်းပေါင်းများစွာနှင့် SMEလုပ်ငန်းရှင်များ၏ ပြခန်းပေါင်းများစွာ အပြင် Education Program များ ပါဝင်ပြီး ဖျော်ဖြေရေးကဏ္ဍအနေဖြင့် တိုင်းရင်းသား အသင်းအဖွဲ့များ၏ ဖျော်ဖြေမှုများနှင့်အတူ အနုပညာ ရှင်များ၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်သည့် အဆိုပါပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment