Wednesday, January 24, 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNODCတို့ ပူးပေါင်းကျင်းပသော စာတမ်းဖတ်ပွဲ ဒုတိယနေ့နှင့် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

Image may contain: one or more people and indoor
ရန်ကုန် ဇန်နဝါရီ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ ပူးပေါင်းကျင်းပ သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် NGO, INGO နှင့် အခြားပုဂ္ဂလိက လူ့အဖွဲ့အစည်းများမှ တစ်ဆင့် ပြည်သူလူထုအတွင်း ပျံ့နှံ့၍ အဂတိလိုက်စားမှု ဆိုင်ရာ အသိအမြင်များတိုးပွားလာစေရန်၊ အဂတိ လိုက်စားမှုများကို ဟန့်တားနိုင်စေရန် ရည်ရွယ်ကျင်းပသော ''အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့'' ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲ ဒုတိယနေ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်း ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီမှစတင်၍ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Park Royal Hotel ၌ ကျင်းပသည်။
နံနက်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက အစုလိုက်စာတမ်းဖတ်ကြားခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အခမ်းအနားပြီးဆုံးကြောင်း နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ''တော်တော်လေးကို အကျိုး ကျေးဇူးရှိတဲ့ အခမ်းအနားလေးဖြစ်ပါတယ်၊ ဒီအခမ်းအနား မှာ ပါဝင်ဆွေးနွေးပြောကြားသွားတဲ့ အချက်လေးတွေရဲ့ အရေးကြီးတဲ့အချက်တွေကို စာအုပ်အနေနဲ့လည်း မကြာခင်ထုတ်ဝေနိုင်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးတို့နဲ့အတူတူ ဒီအဂတိလိုက်စားမှုနဲ့ ပတ်သက် တာတွေကို အားလုံးက အင်တိုက်အားတိုက် ကြိုးပမ်းပြီး တားဆီးကာကွယ်သွားကြပါလို့ မေတ္တာရပ်ခံ ပြောကြား လိုပါတယ်'' ဟု ပြောကြားသည်။
ဆက်လက်ပြီး သတင်းစာရှင်းလင်းပွဲတွင် အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး ပညာပေးခြင်းကို အခြေခံပညာကျောင်းများမှစတင်၍ ပျိုးထောင်နိုင်ရန်၊ မီဒီယာများနှင့် နီးကပ်သောဆက်ဆံရေး ထူထောင်ရန်၊ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အရေးယူမှု အပိုင်းတွင်လည်း ထိထိရောက်ရောက်ဖြစ်အောင် အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာများ၏ မေးမြန်းချက်များ ကို ပြန်လည်ပြောကြားပြီး စာတမ်းဖတ်ပွဲ၏ အောင်မြင်မှု၊ အကျိုးသက်ရောက်မှုများကို အခြေခံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင်ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် လုပ်ငန်း စီမံချက်ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇာဏီ၊ နေသန်
ဓာတ်ပုံ-ဒီဒီ

No comments:

Post a Comment