Wednesday, January 24, 2018

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး

Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၂၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသား လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမ နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း နှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၂ ခု ဆွေးနွေး ခြင်း၊ ဥပဒေကြမ်း ၁ ခု တင်သွင်းခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ်ရှိ မြို့ပေါ် ၅ ရပ်ကွက်အတွင်း သောက်သုံးရေ ဖြန့်ဝေမှုတွင် ရေကောင်းရေသန့်ရရှိရေးကို အရေးတကြီး စီမံဆောင်ရွက်ပေးရန်နှင့် အိမ်တိုင်းစေ့ရေသုံး စွဲနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့ပေါ် ၅ ရပ်ကွက်သို့ သောက်သုံးရေဖြန့်ဝေပေးနေသည့် မြို့ရေပေး ရေးတွင် ရှောက်ချောင်းဆည်မှ ပေးပို့သည့် ရေနမူနာ စမ်းသပ်ချက်များအရ သံဓာတ်၊ မဂ္ဂနီးစ်၊ အလူမီနီယံပါဝင်မှုနှင့် အနည်အနှစ် အနည်းငယ် ပါဝင်မှုရှိကြောင်း ဆည်မြောင်း ဦးစီးဌာန၏ ရေနမူနာစမ်းသပ်ချက်အရ သိရှိ ရပါကြောင်း၊ ရှောက်ချောင်းဆည်မှ ရေများမှာ ရေစုကန် ၁ ကန်၊ အနည်ထိုင်ကန် ၂ ကန်သို့ တိုက်ရိုက်ရောက်ရှိပါကြောင်း၊ ယင်းရေကန် များမှ အနည်အနှစ်မထိုင်မီ မြို့ပေါ်ရှိ အိမ် သွယ်ရေတိုင်များသို့ ရေလုံလောက်စွာ ရရှိ ရေးအတွက် တစ်ချိန်တည်း တိုက်ရိုက်ပေးလွှတ် ရသဖြင့် ရေတွင် ဆည်မှအနည်အနှစ်များ ပါရှိရခြင်းဖြစ်ပါကြောင်း။
ရေစုကန်နှင့် အနည်ထိုင်ကန်တို့ကို သန့်ရှင်းရေးအတွက် ယခင်ကာလများတွင် ၃ လတစ်ကြိမ်ဆေးကြောသန့်စင်ခြင်း၊ ကလို ရင်းဆေးခတ်ခြင်း၊ ထုံးအိတ်များထည့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နောင်တွင် ရေကောင်း ရေသန့်ရရှိရေးအတွက် တစ်လတစ်ကြိမ် ဆေး ကြောသန့်စင်သွားမည်ဖြစ်ကြောင်း၊ ညဘက် တွင် ရေလှောင်ကန်များတွင် ရေစုဆောင်းပြီး ၆ နာရီခန့် အနည်ထိုင်စေပြီးမှ နေ့ဘက်တွင် ရေပေးဝေခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အိမ်တိုင်းစေ့ ရေသုံးစွဲနိုင်ရေးအတွက် အဖွဲ့ ဝင်ငွေအရ နှစ်အလိုက် တိုးချဲ့တပ်ဆင် ဆောင်ရွက်ခြင်း သို့မဟုတ် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ၌ ထည့်သွင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေး ရယ်ရှုမောင်၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်း ဖြေကြားသည်။
ထို့နောက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်က အခန်း(၁၁)ပုဒ်မ ၃၇ တွင် မည်သူမဆို ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူအား ထောင်ဒဏ် ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ငွေကျပ် ၅ သိန်းမှ ၁၅သိန်းထိ ငွေဒဏ်ဖြစ်စေ ရာဇဝတ်မှုချမှတ်ရမည်ဆိုသည်ကို ပြင်ဆင် လိုပါကြောင်း၊ ၇ နှစ်ထက်မပိုသော ထောင် ဒဏ်ကို လုံးဝပယ်ဖျက်ရန် တောင်းဆိုပါ ကြောင်း၊ ပြစ်ဒဏ်ဆိုရာတွင် တစ်နှစ်လည်း ချမှတ်နိုင်ကြောင်း၊ မတိကျကြောင်း၊ ပြစ်မှု ကျူးလွန်သူသည် အာဏာရှိသူနှင့် ညှိနှိုင်းပြီး ၇ နှစ်ထောင်ဒဏ်ကို ၁ နှစ်နှင့်လည်း လဲလို့ရ သည့် အနေအထားဖြစ်သောကြောင့် ထောင် ဒဏ်ကို မချသင့်ပါကြောင်း၊ ငွေဒဏ်တွင်လည်း ၅သိန်းမှ ၁၅ သိန်းဆိုရာတွင် တောထွက်ပစ္စည်း များရောင်းချရာတွင် သိန်းရာဂဏန်းအထိ ရနိုင်သောကြောင့် ငွေဒဏ်ကို လုံးဝမထည့် သင့်ပါကြောင်း၊ ပုဒ်မ ၃၇ ကို ဖြည့်စွက်ရာတွင် ငွေဒဏ်ကို လုံးဝပယ်ဖျက်ပြီး ထောင်ဒဏ်ကို ၃ နှစ်မှ ၅ နှစ်အတွင်းချမှတ်ရန် ပြင်ဆင် ဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။
အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခင် မောင်မြင့်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)မှ ဦးဝင်းဇော်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးမိုင်းအုဏ်းခိုင်၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင် အောင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးတို့က ဆွေးနွေးကြသည်။
ယင်းနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း(၂ဝ၁၇ခုနှစ်) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ ရာ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အခန်း(၁)ပုဒ်မ ၂၊ ပုဒ်မခွဲ(ဃ)တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် နောက်တွင်(သို့မဟုတ်)ခရိုင် အဆင့်(သို့မဟုတ်) မြို့နယ်အဆင့်ကိုလည်း ကောင်း၊ အခန်း(၁) ပုဒ်မ ၂၊ ပုဒ်မခွဲ (င)တွင် စိုက်ပျိုးရေး(သို့မဟုတ်)မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်သည့် မြေနှင့် နိုင်ငံတော်က နောက်တွင် ဥပဒေနှင့်အညီ သီးသန့်လျာထား သတ်မှတ်သည့်ဟူ၍ လည်းကောင်း၊ အခန်း (၂) ပုဒ်မ၃-(က)တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ဥပဒေပညာရှင် များ၏ နောက်တွင် စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်သူများကိုလည်းကောင်း ထည့်သွင်း ဖွဲ့စည်းပေးသင့်ပါကြောင်း၊ ပုဒ်မ ၃ (ဂ)တွင် ပြည်နယ်အဆင့် နောက်တွင် (သို့မဟုတ်) ခရိုင်အဆင့်(သို့မဟုတ်) မြို့နယ်အဆင့်ကို လည်းကောင်း၊ ထိုသို့ထိန်းသိမ်းရာတွင် အပိုဒ် ၌ ဥပဒေပညာရှင်များ နောက်တွင် စိုက်ပျိုး မွေးမြူရေး ကျွမ်းကျင်သူများကို လည်းကောင်း ထည့်သွင်းဖွဲ့စည်းသင့်ကြောင်း။
အခန်း(၃) ၈-က။(က)တွင် သက်ဆိုင် ရာစီမံခန့်ခွဲရေးကော်မတီ နောက်တွင်များကို လည်းကောင်း၊ (ခ)တွင် အဆင့်ဆင့်သော ဆိုသည့် စကားလုံးကိုလည်းကောင်း၊ စီမံခန့် ခွဲရေးကော်မတီနောက်တွင် များကိုလည်း ကောင်း၊ မကျေနပ်သူသည် ရက်ပေါင်း (၆ဝ) အတွင်း တစ်ဆင့်မြှင့် စီမံခန့်ခွဲရေး ဆိုသည့်စကားလုံးကိုလည်းကောင်း၊ ပုဒ်မ ၁၁-က (၁)တွင် စတင်ခွင့်ပြုသည့် နှစ်မှစ၍ နှစ်ပေါင်း ၂ဝ အစား ၃ဝ ထက်မပိုစေ ဘဲ ခွင့်ပြုနိုင်သည်ဟု လည်းကောင်း၊ အခန်း(၈) ပုဒ်မ၂၅ (က) အပိုဒ်ခွဲ ၂ တွင် ဒေသခံလက်ငုတ်လုပ်ကိုင်သူကို တရားဝင်ဖြစ်အောင် လျှောက်ထားခွင့် ပေးရန်ကို လည်းကောင်း၊ အခန်း(၉) ပုဒ်မ ၂၇ (က)တွင် အစိုးရမှ သီးသန့် လျာထားသတ်မှတ်ထားသော မြေလွတ်၊ မြေရိုင်းများပေါ်တွင် ကိုလည်းကောင်း၊ ပုဒ်မ ၂၉-က မူလလုပ်ပိုင်ခွင့် ရရှိထားသူမည်သူမဆို ကိုလည်းကောင်း၊ ပုဒ်မ ၁၆ တွင် ပြဋ္ဌာန်းချက်အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ကိုလည်းကောင်း၊ အခန်း(၁ဝ) ပုဒ်မ ၃ဝ (က) တွင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နောက်တွင် ရွှေ့ပြောင်းကို လည်းကောင်း၊ (ခ) ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ နောက်တွင် အစဉ်အဆက် အသုံးပြု နေသည့် ကိုလည်းကောင်း ဖြည့်စွက်ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်မျိုးတို့က ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်သို့တင်သွင်းရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံး နေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ ထုတ်ပြန်ချက်အရ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် နှစ် ၂ဝ အတွင်း ဒေသတွင်း တရားမဝင်သစ်ခုတ်လှဲရောင်းချခဲ့သော တန်ချိန်များမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ် နယ်စပ်ဒေသများမှ သစ်မာတန်ချိန် ၂၈ သိန်းကျော်၊ ထိုင်းနယ်စပ် မောတောင် ဂိတ်မှ သစ်မာတန်ချိန် ၁၂ သိန်းကျော်၊ ထိုင်းနယ်စပ်-ဘီပီဝမ်းနှင့် ဘီပီတူး- ပုံပါကြိုးဝိုင်းမှ သစ်မာတန်ချိန် ၉ သိန်းကျော်ရှိ မြေပေါ် သယံဇာတများ ဆုံးရှုံးနေရပါကြောင်း၊ ရှားပါးအဖိုးတန်သည့် ဆင်စွယ်၊ သစ်ခွ၊ ဝက်ဝံ သားရေ၊ ကျားသားရေ၊ ကျားသစ် သားရေ၊ သင်းခွေချပ်၊ တောင်ဆိတ်၊ ဥဒေါင်းငှက်၊ တောကြီးမြွေဟောက်တို့ကို တစ်နှစ်တွင် မည်မျှဖမ်းဆီး၊ သတ်ဖြတ်နေသည်ကို မှတ်တမ်းမရှိ၍ မသိနိုင်ပါကြောင်း၊ အရည်အသွေးမြင့်ပြီး ကမ္ဘာကျော်သည့် မိုးကုတ်ပတ္တမြားအပြင် မိုင်းရှူးရတနာမြေတွင်လည်း မည်မျှတူးဖော်ထုတ်လုပ် ပြီး ထွက်သမျှ ပတ္တမြား မည်မျှ ပြည်ပရောက်ကုန်သည်ကို သတ္တုတွင်းဝန်ကြီး ဌာနကပင် အတိအကျမသိရပါကြောင်း၊ ၂ဝ၁၄ ခုနှစ် ပြည်ထောင်စုစာရင်းစစ် အဖွဲ့ စစ်ဆေးချက် အစီရင်ခံစာအရ လုပ်ငန်းရှင်ကုမ္ပဏီ အရေအတွက် ၉၈ ခုကျော်မှ ရွှေပေးသွင်းရန် ကျန်နေသည့် တန်ချိန် ၆ ဒသမ ၄ တန်အထိ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အခွန်မဆောင် စာချုပ်ဖောက်ဖျက်သူ များကို တရားစွဲအရေးယူခြင်းလည်း မတွေ့ရပါကြောင်း၊ ယခုကဲ့သို့ ဥပဒေကို ဂရုမစိုက်ကြခြင်းကို ဥပဒေပုဒ်မများ ထုတ်ပြန်ကန့်သတ်ရုံဖြင့် မလုံလောက်ပါ ကြောင်း၊ အဖိုးတန် မြန်မာ့သယံဇာတများ ပြုန်းတီးပျက်စီးနေခြင်းကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း၊ ကာကွယ်၊ ကြပ်မတ်ဆောင်ရွက်ပေး နိုင်ရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုနှင့် စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမ နေ့ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊ မျိုးသူဟိန်း

No comments:

Post a Comment