Thursday, January 25, 2018

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များအတွက် ကုသရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များနှင့် HIV နှင့် ဗိုင်းရပ်(စ်)သတ်ရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များ ထုတ်လုပ်သွားမည်

Image may contain: 1 person
ရန်ကုန် ဇန်နဝါရီ ၂၄
ကင်ဆာဝေဒနာရှင်များအတွက် ကုသရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များနှင့်HIVနှင့် ဗိုင်းရပ်(စ်)သတ်ရာ တွင် အသုံးပြုသည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ အစည်းအဝေး ခန်းမ၌ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ဆေးဝါးများတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ၌ မီဒီယာ များနှင့်တွေ့ဆုံစဉ် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ယင်းသို့ပြောကြားခြင်း ဖြစ်သည်။
''လာမယ့် ဘတ်ဂျက်နှစ်မှာ အရင်နှစ်ထက်မနည်းတဲ့ ဆေးဝါးအမယ်သစ်တွေ ထုတ်လုပ်သွားမယ်၊ အဓိက ကင်ဆာဝေဒနာရှင်တွေရဲ့ နာကျင်မှုတွေကို သက်သာ စေမယ့်ဆေးဝါးတွေ၊ ကင်ဆာရောဂါကုသရေးမှာ အသုံးပြု မယ့် ဆေးဝါးတွေကို စမ်းသပ်ထုတ်လုပ်သွားမယ်၊HIVနဲ့ ဗိုင်းရပ်(စ်)သတ်ရာမှာ အသုံးပြုမယ့် ဆေးဝါးအမယ်သစ်တွေ ကိုလည်း ထုတ်လုပ်သွားမယ်''ဟု ၎င်းကပြောသည်။
ဆက်လက်၍ ၎င်းက ပြည်တွင်း၌ ဆေးဝါးအမယ် သစ်များ တိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့် ပြည်ပမှ ဝယ်ယူ သုံးစွဲနေရသည့် ဆေးဝါးများအတွက် နိုင်ငံခြားငွေ လျော့နည်းသက်သာလာမည်ဖြစ်ကြောင်း ထပ်မံပြောကြား သည်။
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း လက်အောက်ရှိ ဆေးဝါးစက်ရုံ နှစ်ရုံမှ BPI အမှတ်တံဆိပ်ဖြင့် ဆေးဝါးများထုတ်လုပ်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ဆေးဝါး ၁၄၈ မျိုးအား တန်ဖိုး ၅ဝ ဘီလီယံကျပ် တိုးမြှင့် ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၃၂ ဘီလီယံ ကျပ် ဝယ်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ်များသို့ ၁၈ ဘီလီယံကျပ် ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ဆေးဝါးထုတ်လုပ်မှုများကိုWHO GMP Guidelineနှင့် ကိုက်ညီစေရန်အတွက် ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အအုံများ တည်ထောင်ခဲ့ပြီး BPIဆေးဝါးများ အား ထုပ်ပိုးမှုဆိုင်ရာများကို အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုပုံစံဖြစ်စေရေး အတွက် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအား (EOI)ဖိတ်ခေါ်၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါး အရည်အသွေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆေးဝါးတက္ကသိုလ်များနှင့်ပူးပေါင်း၍ ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများအပေါ် သုတေသနပြုလုပ် စမ်းသပ်နိုင်ရန် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက် နေသည့်အပြင် အရည်အသွေးဆိုင်ရာ အာမခံချက်ရရှိရန် အတွက် အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Quality Management System)ကို တည်ဆောက်၍ နိုင်ငံတကာ အသိအမှတ်ပြု (ISO-9001-2015)လက်မှတ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်)မှ သိရသည်။
ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်းမှတာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-နေလင်း

No comments:

Post a Comment