Wednesday, January 3, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှIDPစခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေး

Image may contain: 1 person, sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှIDP စခန်း ကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပုတို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ''ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်က တည်ရှိခဲ့သောIDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာ စခန်းများသာဖြစ်သင့်သော်လည်း ယခုအခါ ငါးနှစ်ကျော်ကြာ တည်ရှိခဲ့ပြီဖြစ်ကြောင်း၊IDP စခန်းတွင် နေထိုင်ကြရသူများ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို ရေရှည်မှီခိုခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီခြင်းသည်၎င်းတို့အတွက် ပိုမို၍အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် IDP စခန်းတွင် နေထိုင်သူများ၏ ဥပဒေနှင့်အညီပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်IDPစခန်းတွင်နေထိုင်သူများက လက်ရှိစခန်းကို ပိတ်သိမ်းပြီး သင့်တော်သော ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသဘောတူညီချက်များရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် လွတ်လပ်စွာသွားလာခွင့်အတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင် ရန် နိုင်ငံသားစိစစ်ခံရမည့်သူ၏သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင် ရန်နှင့် NV Cardကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်မည့်အခွင့်အရေးများကို ရှင်းလင်း ပြောကြားသည်။
NV Card ကိုင်ဆောင်သူသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူအဖြစ် သက်သေခံနိုင်ခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူရန်လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဟုတ်၊မဟုတ် အဆုံးဖြတ်ပေးခံယူနိုင်ပြီး ရရှိသောနိုင်ငံသားအဆင့် အတန်းနှင့်အညီ သတ်မှတ်ထားသော အခွင့်အရေးများရရှိခြင်း၊ NV Cardကိုင်ဆောင်သူမိဘများမှ မွေးဖွားလာသောသားသမီးများသည်လည်း မြန်မာ နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိခြင်း၊NV Cardကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်အရပ်ဒေသ ကိုမဆို သွားလာလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များနှင့်ခရီးသွားလာ ခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်း တရားဝင်ဖွင့်လှစ်ထားသောနယ်စပ် ဝင်၊ထွက်ဂိတ်မှတစ်ဆင့် နိုင်ငံဖြတ်ကျော်လက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ဝင်၊ထွက် သွားလာခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မိမိနေထိုင်ရာ မြို့နယ်အတွင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လွတ်လပ်စွာခရီးသွားလာခွင့်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်သို့ ရေလုပ်ငန်းလိုင်စင်ဖြင့် ဥပဒေနှင့်အညီထွက်ခွာခွင့်ရှိခြင်း စသည့်အခွင့်အရေး များရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သက္ကယ်ပြင်IDPစခန်းမှ စခန်းစီမံခန့်ခွဲမှုကော်မတီဝင် များက သက္ကယ်ပြင်IDP စခန်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ IDP စခန်း၏ လက်ရှိအခြေအနေ၊ ပြန်လည်နေရာချထားရာတွင်ဆောင်ရွက် ရမည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာသွားလာခွင့်ကိစ္စရပ်များကို အပြန် အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိIDPစခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment