Wednesday, January 3, 2018

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Image may contain: one or more people, mountain, sky, car, outdoor and nature
နေပြည်တော် ဇန်နဝါရီ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့နှင့်အတူ ဒီဇင်ဘာ ၃ဝ ရက်တွင် ပူတာအိုမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော မြေသားလမ်း ၂၄ မိုင် ၄ ဖာလုံပေါ်တွင် ကျောက်ခင်းခြင်းလုပ်ငန်း များ၊ မိုးရာသီတွင် ဆက်သွယ်မှု မပြတ်တောက် စေရေးအတွက် တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် တံတားတည်ဆောက်ရန် လျာထားသည့် အခြေအနေများ၊ လမ်းပျက်စီးမှု ကာကွယ်နိုင်ရန် Box Culvert တည်ဆောက် ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် မဂွေဇမှ လက်ရှိ ဆောင်ရွက် ပြီးစီးနေသော မိုင်တိုင်(၃ဝ/၅) အထိ လမ်းဖောက်လုပ်နေမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် စမ်းသပ်မောင်းနှင် ကြည့်ရှုခဲ့ပြီး မိုင်တိုင်(၃ဝ/၅)တွင် လက်ရှိ ဆောင်ရွက်နေသည့် ဆန်းလုံချက်တောင်ကြော မှ အရှည် နှစ်မိုင်ခန့်ရှိသော ကျောက်တောင် အား စစ်မြေပြင်အင်ဂျင်နီယာ စစ်သည်များဖြင့် ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး သည်။ ပူတာအိုဒေသသည် မိုးရွာသွန်းမှု များပြားသည့် ဒေသ၏ ထူးခြားချက်အရ ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းစံချိန်စံညွှန်းကောင်းမွန်စေရေး အလေး ထားဆောင်ရွက်သွားကြရန် မှာကြားသည်။
မဂွေဇ-ခေါင်လန်ဖူးလမ်းသည် ၆၅ မိုင် ၄ ဖာလုံအရှည်ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှစတင်၍ အပိုင်း(၁) မဂွေဇမှငါ့လုံဒမ်း အထိ ၂၅ မိုင် ၄ ဖာလုံ၊ အပိုင်း(၂)ငါ့လုံဒမ်း မှ ရီဒမ်းအထိ ၁၈ မိုင် ၄ ဖာလုံ၊ အပိုင်း(၃) ရီဒမ်းမှ ခေါင်လန်ဖူးအထိ ၂၁ မိုင် ၄ ဖာလုံ ကို ဘဏ္ဍာနှစ်အလိုက် အစိုးရ၊ တပ်မတော် နှင့် ပြည်သူလက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ယခုအခါ အခက်ခဲဆုံးအပိုင်းဖြစ် သည့် ပေ ၇ဝဝဝ ကျော် မြင့်မားသော ဆန်းလုံချက်တောင်ထိပ် တောင်ကြောအား ကျောက်မိုင်းခွဲခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပူတာအို ခရိုင် ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ် ယာဉ်ဖြင့် ရောက်ရှိကြပြီး ခေါင်လန်ဖူး မြို့နယ်ခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ခေါင်လန်ဖူး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော နောင်မွန်မြို့နယ် မဂွေဇမှ ခေါင်လန်ဖူးအထိ မော်တော် ကားလမ်း ဖောက်လုပ်နေမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များ ပြောကြားခဲ့ ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ တင်ပြ ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် စားသောက်ဖွယ်ရာများနှင့် ခေါင်လန်ဖူးမြို့နယ် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နောင်မွန်မြို့သို့ ရောက်ရှိ ကြပြီး နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ် အတွင်း ပူတာအိုမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

No comments:

Post a Comment