Wednesday, January 3, 2018

မူလ လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အခက်အခဲမရှိရအောင် အဓိကထားပြီး စီစဉ်တာဖြစ်

Image may contain: 1 person, smiling, eyeglasses and closeup
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည့် UEHRD ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းလေ့လာကြည့်ရှုကြသည်။
အဆိုပါ UEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြန်လည်နေရာချထားရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်-
ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီး
ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို မနေ့ကရောက်ပါတယ်။ လာတဲ့ခရီးစဉ်က နှစ်ခုပေါ့။ တစ်ခုက ရခိုင်နဲ့ပတ်သက်ပြီး အကြံပေးကော်မရှင်ရှိတယ်။ အဲဒါက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင် အထည်ဖော်တဲ့Implementation ကော်မတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်စရာရှိတာတွေကို လာဆောင်ရွက်တာ တစ်ချက်။ နောက်တစ်ချက်က UEHRD နဲ့ ပတ်သက်ပြီး ပြန်လည်နေရာချထားရေးနဲ့ဆိုင်တဲ့ ကိစ္စပေါ့။
မနေ့က ရောက်ရောက်ချင်းမှာပဲ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးချက်တွေကို အကောင်အထည်ဖော်တဲ့ ကော်မတီ အနေနဲ့ ဆောင်ရွက်စရာနှစ်ခုကို စတင်ဆောင်ရွက်နေပါပြီ။ တစ်ခုက ၂ဝ၁၂ ခုနှစ်ကတည်းက ဖွင့်ခဲ့ရတဲ့ ဒုက္ခသည်စခန်းCampတွေကို ပြန်လည်ပိတ်သိမ်းရေးနဲ့ ပြန်လည် နေရာချထားရေးကိစ္စတွေကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Camp က တာဝန်ရှိသူတွေ၊ အုပ်ချုပ်တဲ့ သူတွေနဲ့တွေ့တယ်။ အစိုးရအဖွဲ့ဝင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်။ ဒီကိစ္စကို ဆောင်ရွက် တဲ့အခါမှာ ဥပဒေစည်းမျဉ်း၊ စည်းကမ်းနဲ့ ညီညွတ်အောင် ဆောင်ရွက်တာရှိပါတယ်။ ပြန်လည်နေရာချထားဖို့ကို ခံယူမယ့်သူတွေကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်မယ့် ကိစ္စကို သဘောတူကြတယ်။ ဒါကို ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က UEHRD နဲ့ ပတ်သက်ပြီးတော့ ပြန်လည်လက်ခံရေး၊ နေရာချထားရေးနဲ့ပတ်သက်ပြီး တစ်ဖက်နိုင်ငံက ပြန်လာမယ့်သူတွေအတွက် ပြန်လည် နေရာချထားတဲ့နေရာမှာ ဘယ်လိုနေရာချမယ်ဆိုတာကို နဂိုကတည်းက မူချထားပြီးသား ရှိပါတယ်။ ပြန်လည် လက်ခံခြင်းကို နှစ်နိုင်ငံသဘောတူညီချက်အတိုင်းပဲ နှစ်လအတွင်းမှာ ပြန်လည်လက်ခံရမယ့်အစီအစဉ်အတိုင်း လက်ခံရေးစခန်းတွေ ကြိုတင်ပြင်ဆင်တာရှိတယ်။ အိမ်ရာတွေနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်တာတွေရှိတယ်။ တောင်ပြိုလက်ဝဲ၊ ငါးခူရ ဒါတွေက လက်ခံရေးစခန်းတွေ။ နောက်ပြီး ကြားစခန်းအဖြစ် လှဖိုးခေါင်မှာ စီစဉ်ဆောင်ရွက် နေတာတွေရှိတယ်။
အိမ်ရာတွေကို ပြန်လည်နေရာချရာမှာ နှစ်အိမ်၊ သုံးအိမ်၊လေးအိမ် ကွဲပြားနေတဲ့ အစုလေးတွေရှိတယ်။ အဲဒီအစုလေးတွေကို သူတို့ရဲ့ မူလနေရာ၊ သူတို့ရဲ့ အနီးဆုံးနေရာတွေမှာ ပြန်ထားဖို့၊ မူလအိမ်ရှိတဲ့သူကလည်း အိမ်ကိုရဖို့၊ ဒါမှမဟုတ်ရင် လမ်းတွေ အခင်းအကျင်းအနေ အထားတွေ ပိုပြီးအဆင်ပြေတဲ့နေရာကို Village Plan ချပြီး အဲဒီအစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ဖို့ သေချာ မြေပြင်ပေါ်မှာ ကြည့်ပါတယ်။ သီးခြားခွဲထုတ်ထားတာတော့ မဟုတ်ပါဘူး။ မူလနေရာရောက်တာရှိမယ်၊ မူလနေရာ ထက် နည်းနည်းကွာတာလည်းရှိမယ်။ အားလုံးကတော့ မိမိမူလလုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အခက်အခဲမရှိရအောင် ဒါကို အဓိကထားပြီး စီစဉ်တာ ဖြစ်ပါတယ်။ ပထမပြောခဲ့တဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ Implementationအကောင်အထည်ဖော်တဲ့လုပ်ငန်း တွေကတော့ စစ်တွေမှာရှိတဲ့ သက္ကယ်ပြင် ပြန်လည် နေရာချထားရေးအတွက် စီစဉ်ခဲ့တယ်။ အခုဆက်ပြီး မြေပုံမှာရှိတဲ့စခန်းကို ပြန်လည်နေရာချထားတဲ့ကိစ္စ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒေါက်တာအောင်ထွန်းသက်
UEHRD ညှိနှိုင်းရေးမှူးချုပ်
ဆရာတို့ အခုလာတဲ့ ရည်ရွယ်ချက်က လက်ရှိ ဒီမှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ပြန်လည် နေရာချထားရေးစခန်းတွေကို ကြည့်တဲ့ကိစ္စပါ။ အဲဒီလို ကြည့်တဲ့အခါမှာ အဆင်သင့်ဘယ်လောက်ရှိလဲဆိုတာ ဒေသခံတွေ၊ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီလိုပြန်လည် တည်ဆောက်ရေးလုပ်တဲ့နေရာမှာ ရန်ကုန်ကလုပ်ငန်းရှင် တွေမဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တွေအားလုံး စည်းရုံးပြီး လုပ်ခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ နိုင်ငံတော်အစိုးရက ဦးဆောင်တဲ့ လုပ်ငန်းဖြစ်ပြီး တစ်ဖက် ကလည်း ပုဂ္ဂိလိကကဏ္ဍကလှုပ်ရှားတဲ့ လှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်တယ်။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍလို့ ပြောတဲ့အခါမှာ တစ်ခါတစ်ရံမှာ ရန်ကုန်လို မြို့ကြီးတွေက ပုဂ္ဂလိကကဏ္ဍကို စဉ်းစားတာမျိုးမဟုတ်ဘဲ ဒေသခံတွေဖြစ်တဲ့ ရခိုင် တိုင်းရင်းသားလုပ်ငန်းရှင်တွေကို စဉ်းစားပြီး ပါဝင် ပတ်သက်မှုကို ဦးစားပေးတာဖြစ်ပါတယ်။ အခု ပြန်လည် လက်ခံမယ့် ကြိုဆိုရေးစခန်းတွေရှိသလို သူတို့ကို ခေတ္တ ခဏကြိုဆိုမယ့်နေရာတွေကိုလည်း ဆရာတို့ လိုက်ကြည့် ပါတယ်။ သူတို့ကို ပြန်လည်နေရာချထားမယ့်နေရာတွေကို လိုက်ကြည့်ပြီး တာဝန်ရှိသူတွေနဲ့ အသေးစိတ်ပြန်လည် ဆွေးနွေးဖို့လည်း ရှိပါတယ်။ အရေးကြီးတာကတော့ ဆရာ တို့ အမြန်ဆုံးပြုလုပ်ရမယ့် အစီအစဉ်တွေ ဖြစ်လို့ပါပဲ။
သတင်း-ဇေယျာ၊ မြင့်မောင်၊ ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment