Monday, January 29, 2018

ဂျပန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Image may contain: 2 people, people standing
ပေကျင်း ဇန်နဝါရီ ၂၈
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့သည် ဇန်နဝါရီ ၂၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား သတင်းအချက်အလက်များ၊ အလည် အပတ်ခရီးစဉ်များ စသည့် ကိစ္စရပ်များကို အပြန်အလှန်ဆောင်ရွက်နိုင်ရေးအတွက် ၎င်းတို့အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ဝန်ကြီးနှစ်ဦး က ဆိုသည်။
နိုင်ငံတကာ အသိုက်အဝန်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရှိစေရန် နှစ်နိုင်ငံအနေဖြင့် တာဝန်ဝတ္တရားများကို မျှဝေထမ်းရွက်ရန် လိုအပ် ကြောင်း ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။
၁၉၇၈ ခုနှစ်က ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဆက်ဆံရေး ဆိုင်ရာ စာချုပ်ပါအချက်အလက်များကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး က ပြန်လည်အတည်ပြု ပြောကြားခဲ့ကြသည်။
ဂျပန်-တရုတ်-တောင်ကိုရီးယား သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံတွင် မကြာမီ ကျင်းပမည်ဖြစ်သည်။ အဆိုပါထိပ်သီးအစည်းအဝေး၏ သီးခြားဆွေးနွေးပွဲများသို့ တရုတ်ဝန်ကြီးချုပ် လီခချန်း တက်ရောက်ရန် စီစဉ်မှုများကို နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ရေငုပ်သင်္ဘောတစ်စင်းသည် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် စင်ကာကူကျွန်းအနီး ဂျပန်ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ဖြတ်မောင်းသွားခဲ့သည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်သည် ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်ဆံရေးကောင်းမွန်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သည့် ပင်လယ်တစ်ခုဖြစ်သင့်သည်ဟု ဝန်ကြီး ကိုနိုက ဆိုသည်။
မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ပြုံယမ်း၏ လက်ရှိကျင့်သုံးလျက်ရှိသည့် မူဝါဒပြောင်းလဲနိုင်ရေးအတွက် ပြုံယမ်းအပေါ် ဖိအားများပိုမိုပေးရန် ဝန်ကြီးကိုနိုက တိုက်တွန်းပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင်ရေး အတွက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဖြေရှင်းချက်များကို တိကျစွာလိုက်နာနိုင်ရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက သဘောတူညီ ခဲ့ကြသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment