Monday, January 29, 2018

ဟောင်ကောင်မြို့လယ်မှ ဒုတိယကမ္ဘာစစ်ကျန်ပေါင် ၁ဝဝဝ အလေးချိန်ရှိ ဗုံးတစ်လုံးကို ဖယ်ရှား

Image may contain: one or more people and food
ဟောင်ကောင် ဇန်နဝါရီ ၂၈
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့က ဟောင်ကောင်မြို့လယ် ဝန်ချိုင်းဒေသတွင် တွေ့ရှိရသည့် ဒုတိယကမ္ဘာစစ်ကျန် ဗုံးတစ်လုံး၏စနက်တံကို အောင်မြင်စွာ ဖြုတ်ယူဖယ်ရှားနိုင်ခဲ့ကြောင်း၊ အဆိုပါဗုံး၏စနက်တံဖြုတ်ယူ သည့်လုပ်ငန်းကို နာရီများစွာကြာ လုပ်ဆောင်ခဲ့ရကြောင်း ယနေ့ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ဒုတိယကမ္ဘာစစ်ကျန်ဗုံး၏စနက်တံအား ဖြုတ်ယူဖယ်ရှားရာတွင် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးရမှုများ မရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ရှာတင်နှင့် ဗဟိုရထားလမ်းချိတ်ဆက်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ကွက် တွင် အလုပ်သမားများ ဇန်နဝါရီ ၂၇ ရက်က ယင်းဗုံးကို တွေ့ရှိခဲ့သည်။ ဟောင်ကောင်ရဲတပ်ဖွဲ့မှ ဗုံး၏စနက်တံ ဖြုတ်ယူဖယ်ရှားမှု လုပ်ငန်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး ဗုံးတွေ့ရှိရာ နေရာအနီးနေထိုင်သူ လူ ၁၅ဝဝ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ စနက်တံဖြုတ်ယူသည့် လုပ်ငန်းမှာ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြီးစီးခဲ့သည်။
ဟောင်ကောင်ရဲတပ်ဖွဲ့မှ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ရှင်းလင်းဖယ်ရှားရေးဗျူရိုက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲ၌ ဟောင်ကောင်ရဲတပ်ဖွဲ့မှ ဗုံးဖယ်ရှား ရှင်းလင်းရေးအဖွဲ့အား ဗုံးတွေ့ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ စေလွှတ်ပြီး လုပ်ငန်းများဆောင်ရွက်စေခဲ့ ကြောင်း၊ ဗုံးစနက်တံမှ လောင်ကျွမ်းမှုဖြစ်ပွားပြီး ပေါက်ကွဲမှု ဖြစ်ပွားစေနိုင်သည့် အစိတ်အပိုင်းကို ဖြုတ်ယူဖယ်ရှားစေခဲ့ ကြောင်း ဗုံးဖယ်ရှားရှင်းလင်းရေးအဆင့်မြင့်အရာရှိ တိုနီချူးက ပြောကြားသည်။
အဆိုပါဗုံးသည် ပေါင် ၁ဝဝဝ အလေးချိန်ရှိပြီး အထွေထွေသုံးဗုံးဖြစ်ကြောင်း၊ အဆိုပါဗုံး ပေါက်ကွဲပါက မီတာ ၁ဝဝဝ မှ ၂ဝဝဝ အထိ သက်ရောက်နိုင်ကြောင်း တိုနီချူးက ပြောကြားသည်။
ယင်းဗုံးသည် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြား ကြဲချခဲ့သော အမေရိကန်နိုင်ငံလုပ် အေအန်-အမ် ၆၅ အမျိုး အစားဗုံး ဖြစ်ဖွယ်ရှိကြောင်းနှင့် ဟောင်ကောင်မြို့လယ်ဒေသတွင် ဒုတိယမြောက် ရှာဖွေတွေ့ရှိရသည့် ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment