Monday, January 1, 2018

သီတဂူဆရာတော်ကြီး၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Image may contain: 1 person, sitting and indoor
၂ဝ၁၇ ခုနှစ်ဆိုတဲ့ နှစ်ဟောင်းတစ်ခုဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်သွားပြီ။ တစ်နှစ်ကုန်သွားပြီ၊ တစ်နှစ် ကုန်သွားတော့ နှစ်ဟောင်းကုန်ပြီလို့သာ ပြောကြတာ။ ဇန်နဝါရီလ ၁ ရက်နေ့မှာ နှစ်သစ်သို့ ပြောင်းပြီ၊ အသစ် သို့ ပြောင်းပြီလို့ ဆိုကြတယ်။ အဲဒီအသစ်ကရော ဘယ်လောက်ခံမှာလဲ။ အသစ်တိုင်း အသစ်တိုင်းက အကုန်လုံး အဟောင်းတွေချည်းဖြစ်ရမယ်ဆိုတာကို အားလုံးသတိပြုကြဖို့ လိုလိမ့်မယ်။ မြတ်ဗုဒ္ဓက မိန့်တော် မူတယ်။ ''ကာလော ယသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ''အချိန်သည် အချိန်ကိုစားပြီးတော့ စက္ကန့်တိုင်း ဟာ အချိန်တွေကုန်နေတယ်။ စက္ကန့်တိုင်း စက္ကန့်တိုင်း အဟောင်းတွေ အဟောင်းတွေ ကုန်ဆုံးပြီးတော့ အသစ် တွေ အသစ်တွေပြောင်းနေတာ။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ သဘောအရ အဲဒါကို မြင်အောင်ကြည့်နိုင်တဲ့လူဟာ အဟောင်းကိုရော အသစ်ကိုရော သူဟာ လွန်မြောက် နိုင်တယ်။
အဟောင်းတွေ ကုန်ပြီဆို အသစ်မှာ ပျော်မွေ့နေကြ မယ့်အစား အသစ်လည်းပဲ စက္ကန့်မလပ် သူလည်း အဟောင်းအဖြစ်သို့ ပြောင်းနေတယ်။ မြစ်ထဲမှာ ရေစီး သလိုပဲ။ စီးနေတဲ့ရေကို ကြည့်လိုက်မယ်ဆိုရင် အဝေး ကြည့်တော့ ဒါမြစ်ကြီးပဲ၊ အနားကပ်ပြီးတော့ တဖြည်းဖြည်း ကြည့်လာလေလေ စီးနေတဲ့ရေကို တွေ့ရလိမ့်မယ်။ မြစ်ထဲ ကို ခြေတစ်ချောင်းချလိုက်ရင် ခြေထောက်ကို ထိလိုက်တဲ့ ရေသည် ခြေထောက်ရဲ့ အောက်သို့ လွန်မြောက်ပြီးတော့ သူဟောင်းသွားပြီ၊ ပြောင်းသွားပြီ။ ခြေထောက်မှာ ထိတိုင်း ထိတိုင်းသော ရေတွေဟာ အသစ်အသစ်တွေချည်းပဲဖြစ်တယ် ဆိုတာကိုမြင်ကြဖို့ အရေးကြီးတယ်။ အဲဒါကြောင့် နှစ်သစ်ကူး ပွဲလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိနစ်တိုင်း နှစ်သစ်ကူးပွဲ လုပ်လို့ရတယ်။ စက္ကန့်တိုင်း နှစ်သစ်ကူးပွဲ လုပ်လို့ရတယ်။ စက္ကန့်တစ်ခုသည် အဟောင်းဖြစ်ပြီးတော့ နောက်လာတဲ့ စက္ကန့်တစ်ခုဟာ အသစ်ပဲ၊ အဲဒါကို မြတ်စွာဘုရားက ''ကာလော ယသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ''ကာလသည် ကာလကိုစား၍ ကာလသည် ကုန်ခဲ့ပြီ။ ''ယောစ ကာလကသော ဘူတော သဘူတ ပစနိံ ပစ္စိ''အချိန်ကာလကို နိုင်အောင်စားနိုင်တဲ့ပုဂ္ဂိုလ်ဟာ လောက မှာ အောင်မြင်သူတစ်ယောက်ပဲ။ အချိန်ကာလကို နိုင်အောင် စားဆိုတာက ဘာကိုဆိုလိုသလဲဆိုရင် အချိန်ရှိတိုင်း အလုပ် လုပ်နေဖို့ပြောတာ။ အချိန်ရှိတိုင်း အလုပ်လုပ်နေရင် အဲဒီအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အချိန်ကိုနိုင်တာပဲ။ အလုပ် မလုပ်မိလိုက်ဘူး ဆိုတာနဲ့ တစ်ပြိုင်နက်တည်း မလုပ်ဖြစ် လိုက်တဲ့အချိန်ဟာ ဒါဆုံးရှုံးသွားတာပဲ။ ဒီတော့ ကာလကို နိုင်အောင်စားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်မှာ အချိန်ကိုနိုင်အောင် စားဖို့၊ ကာလကို နိုင်အောင်စားဖို့ လိုအပ်တဲ့ အရည် အချင်းတွေ မြတ်ဗုဒ္ဓပြောထားတယ်။ ဟောထားတယ်။

No comments:

Post a Comment