Tuesday, January 30, 2018

ကွမ်းခြံကုန်းနှင့် လက်ခုပ်ကုန်း အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆူနာမီဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်

Image may contain: 20 people, people sitting
ရန်ကုန် ဇန်နဝါရီ ၂၉
အာရှနှင့် ပစိဖိတ်ဒေသအတွင်း ဆူနာမီများဆိုင်ရာ ကျောင်းတွင်း ကြိုတင်ပြင်ဆင်မှု အားကောင်းစေခြင်း မြန်မာဆူနာမီဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် ကယ်ဆယ်ရေး အစီအစဉ်ကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီက ရန်ကုန် တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် မွန်းလွဲပိုင်းတွင် လက်ခုပ်ကုန်း အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြုလုပ်သည်။
''အင်အားပြင်း ငလျင်လှုပ်ခတ်မယ်ဆိုရင်၊ ဆူနာမီလှိုင်း ရောက်လာရင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကျောင်းသား ကျောင်းသူတွေ စုပေါင်းဇာတ်တိုက်လေ့ကျင့်တာပါ၊ မြန်မာ့ ကမ်းရိုးတန်းဒေသတစ်လျှောက်မှာ ဆူနာမီနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ထားရင် ကောင်းပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမျိုးမင်းထွေးက ပြောသည်။
အဆိုပါ ဆူနာမီ လေ့ကျင့်ကယ်ဆယ်ရေးအစီအစဉ်ကို ဂျပန်နိုင်ငံအစိုးရက ပံ့ပိုးပေးပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဖီဂျီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ ပါကစ္စတန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ ဆာမိုအာ၊ ဆော်လမွန်ကျွန်းစု၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမော၊ တွန်ဂ၊ ဗာနူအတူနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျောင်းများတွင် ဆူနာမီဆိုင်ရာ ကြိုတင်လေ့ကျင့်မှု အားကောင်းစေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းဖြစ်သည်။
JICA မှ Project Fomulation Advisor Hayato NAKAMURA က''UNDP အနေနဲ့ ဒီနေရာကိုရွေးချယ် ထားတယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေမှာရှိတဲ့ကျောင်း ငါးကျောင်းမှာ ဆူနာမီ ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ကယ်ဆယ်ရေး အစီအစဉ်တွေ ပြုလုပ်သွားမယ်၊ ဇာတ်တိုက်လေ့ကျင့်မှုတွေပြီးသွားလို့Guideline(လမ်းညွှန်ချက်)ထွက်လာပြီဆိုရင် ပညာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးကျန်တဲ့ ကျောင်းတွေကိုလည်း ဆူနာမီဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသကြီး ငါးခုဖြစ်သည့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီ၊ မွန်ဒေသတို့တွင် ဆူနာမီဘေး သက်ရောက်နိုင်ကြောင်း၊ အတိတ်ကာလက ဆူနာမီနှင့် ပတ်သက်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် သက်ရောက်ခဲ့ဖူးကြောင်း ယနေ့အခမ်းအနားမှ သိရသည်။
''အတိတ်ကာလက ဆူနာမီနဲ့ပတ်သက်ပြီး သက်ရောက်ခဲ့ဖူးတယ်၊ ပထမဆုံးအကြိမ်က လူသိပ်မသိခဲ့ ဘူး၊ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က မြန်မာ့ကမ်းရိုးတန်း မှာ ဆူနာမီလှိုင်းသက်ရောက်ခဲ့ပြီး လူ ၆၁ ဦး သေဆုံးခဲ့ ဖူးတယ်၊ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းနဲ့ နီးတဲ့ဒေသတွေမှာလည်း ဒီရေ သုံးပေလောက်အထိ မြင့်တက်ခဲ့တယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမျိုးမင်းထွေးက ပြောသည်။
ဆူနာမီတွင် ကမ်းနီးဆူနာမီနှင့် ကမ်းဝေးဆူနာမီ ဟူ၍ နှစ်မျိုးရှိကြောင်း၊ ကမ်းနီးဆူနာမီ သက်ရောက်ပါက တုံ့ပြန်ပြင်ဆင်ချိန် မိနစ်ပိုင်းလောက်သာ အချိန်ရပြီး ကမ်းဝေးဆူနာမီသက်ရောက်ပါက တုံ့ပြန်ပြင်ဆင်ချိန် နာရီဝက်ခန့် အချိန်ရကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမျိုးမင်းထွေးက ပြောသည်။
ဆူနာမီလှိုင်းများသည် ပင်လယ်ရေအောက်တွင် လှုပ်ခတ်သည့် ငလျင်ကြီးများကြောင့် ဖြစ်ပေါ်လာပြီး မဂ္ဂနီကျု ၇ အထက် လှုပ်ခတ်ခဲ့ပါက ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်းJICA မှ Project Fomulation Advisor Hayato NAKAMURA က ပြောသည်။
ယနေ့ ကွမ်းခြံကုန်းနှင့် လက်ခုပ်ကုန်း အခြေခံ ပညာကျောင်းတို့တွင်ပြုလုပ်သည့် ဆူနာမီဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ကယ်ဆယ်ရေး အစီအစဉ်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၃ဝဝ ကျော်ခန့် ပါဝင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
သတင်း- မင်းသစ်(MNA)၊ ဓာတ်ပုံ- ဇော်မင်းလတ်

No comments:

Post a Comment