Tuesday, January 30, 2018

မတူကွဲပြား ယဉ်ကျေးမှုအနုလက်ရာများ လေ့လာခွင့်ရရှိမည့် မြန်မာ့လက်ရာပွဲတော်

Image may contain: 1 person
ရန်ကုန် ဇန်နဝါရီ ၂၉
မြန်မာတိုင်းရင်းသားများ၏ မတူကွဲပြား ယဉ်ကျေးမှုအနုလက်ရာများကို တစုတဝေးတည်း လေ့လာနိုင်မည့် မြန်မာ့လက်ရာပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တိုင် ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်း၌ ကျင်းပသွားမည်ဟု မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
''မြန်မာ့လက်ရာပွဲတော်မှာ နိုင်ငံခြားသားတွေနဲ့ ပြည်သူအများစု စိတ်ဝင်စားပြီး အကြိုက်များမယ့် တိုင်းရင်းသားတွေရဲ့ မြတ်နိုးဖွယ် လက်မှုပစ္စည်းတွေ၊ ဒီလက်မှုပစ္စည်းတွေရဲ့ ထုတ်လုပ်မှုအဆင့်ဆင့်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပြသသွားမှာ ဖြစ်ပါတယ်၊ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အနုလက်ရာပစ္စည်းတွေမှာ သူတို့ရဲ့ထူးခြားမှုတွေ၊ လက်ရာ ပြောင်မြောက်မှုတွေ၊ သိမ်မွေ့နက်နဲမှုတွေကို ကျွန်မတို့ ပြည်သူတွေ လေ့လာမြင်တွေ့ပြီး ပိုမို တန်ဖိုးထား မြတ်နိုးလာမယ်လို့ ယုံကြည်ပါတယ်'' ဟု မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောသည်။
အမရပူရချည်ထည်၊ ပိုးထည်လွန်းရာကျော် ရက်ကန်းလုပ်ငန်း၊ အင်းလေးကြာထည်နှင့် ပိုးထည် လုပ်ငန်း၊ ကချင်ရိုးရာဂျပ်ခုတ်လုပ်ငန်း၊ ကယန်း-ပဒေါင်ရိုးရာ ဂျပ်ခုတ်လုပ်ငန်း၊ ချင်းရိုးရာဂျပ်ခုတ် လုပ်ငန်း၊ ရခိုင်ရိုးရာ ရွှေပန်းထိမ်လုပ်ငန်း၊ စစ်ကိုင်း ရွာထောင်ငွေထည်လုပ်ငန်း၊ မြန်မာ့ရိုးရာ ယွန်းထည် လုပ်ငန်း၊ ကယားရိုးရာတောင်းရက်လုပ်ငန်း၊ မွန်ရိုးရာဆေးတံနှင့် ကျောက်သင်ပုန်းလုပ်ငန်း၊ ကရင်ရိုးရာဖိနပ်ချုပ်လုပ်ငန်းနှင့် ပန်းချီပြခန်းများကို ပွဲတော်ရက်အတွင်း လေ့လာနိုင်မည့်အပြင် မြန်မာ တိုင်းရင်းသားများ၏ ရိုးရာအစားအစာများကို မြည်းစမ်းနိုင်ပြီး ရိုးရာအကအလှများကို ကြည့်ရှုနိုင် မည်ဟု သိရသည်။
''အနှစ်သာရရှိတဲ့ ဒီယဉ်ကျေးမှုအမွေအနှစ် တွေကို အခုလို တစုတစည်းတည်း လေ့လာခွင့် ရှိတုန်းမှာ အထူးသဖြင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေကို လာရောက်လေ့လာစေချင်တယ်'' ဟု ဒေါ်စန္ဒာခင်က ဆက်လက်ပြောကြားသည်။
အဆိုပါပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ပြည်သူလူထုအတွင်း သိရှိ ပြန့်ပွားစေပြီး နိုင်ငံသားအားလုံးက တန်ဖိုးထားမြတ်နိုးတတ်စေရန်၊ မျိုးဆက်သစ်လူငယ်များ တန်ဖိုးထားထိန်းသိမ်းလိုစိတ် မြင့်မားလာစေရန်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ လက်မှုပစ္စည်းထုတ်လုပ် သူများ လူနေမှုဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ခင်ဇာလီ

No comments:

Post a Comment