Tuesday, January 30, 2018

သောက်သုံးရေအခက်အခဲကြုံတွေ့နေသည့်စာသင်ကျောင်းသို့ သောက်သုံးရေလှူဒါန်း

Image may contain: one or more people, crowd and outdoor
ညောင်ဦး ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ သောက်သုံးရေအတွက် အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရသဖြင့် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ပုဂံမြို့ မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ နာယက ဆရာတော် အရှင်သာဂရ ဦးဆောင်၍ အသင်းသားများအဖွဲ့က ရေဂါလန် ၁၅ဝဝ ဆံ့ ရေသယ်ယာဉ်တစ်စီး သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ပုဂံမြို့ မြင်းကပါကျေးရွာက ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်းမှ နာယကဆရာတော် အရှင်သာဂရ ဦးဆောင်ပြီး အသင်းသားတွေ ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ သောက်သုံးရေ အသုံးပြုဖို့အတွက် အခက်အခဲများ ကြုံတွေ့နေကြောင်း အဆိုပါစာသင်ကျောင်းမှ ဆရာမ ဒေါ်ကြည်ကြည်ရင်က ဖုန်းဆက်အကူအညီတောင်းခံလို့ ရေဂါလန် ၁၅ဝဝ ဆံ့ ရေသယ်ယာဉ်တစ်စီး ချက်ချင်းသွားရောက် လှူဒါန်းပေးခဲ့ ပါတယ်၊ အခုလို သွားရောက်လှူဒါန်းပေးခဲ့တဲ့အတွက် ဆရာ ဆရာမ တွေနဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သောက်သုံးရေ အဆင်ပြေသွားတဲ့အတွက် ကျွန်တော်တို့ ပရဟိတရေလှူအသင်း အနေနဲ့ အလွန်ပီတိဖြစ်မိပါတယ်၊ ယခုလို သောက်သုံးရေလှူဒါန်း ပေးခြင်းကိုလည်း ကျန်ရှိတဲ့ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေက အကူအညီတောင်းလာရင်လည်း ကျွန်တော်တို့အဖွဲ့က ချက်ချင်း သွားရောက်လှူဒါန်းပေးသွားမှာပါ၊ ဒါကြောင့် သောက်သုံးရေ အခက် အခဲဖြစ်လို့ အကူအညီတောင်းခံချင်တယ်ဆိုရင် ကျွန်တော်တို့ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ နာယကဆရာတော် အရှင်သာဂရရဲ့ ဖုန်းနံပါတ် ဝ၉-၂ဝ၄၂၅ဝ၅ ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါတယ်''ဟု အဆိုပါ ရေလှူအသင်းမှ ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းမင်းထွန်းက ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment