Tuesday, January 2, 2018

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)မှ အထူးကူဆရာဝန်ကြီးများ ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့မောင်တောမြို့နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ကူညီမှုများ အခမဲ့ပြုလုပ်

Image may contain: 1 person

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျန်းမာရေးစောင့်ရှောက်ကူညီမှုများပြုလုပ်ပေးရန်နှင့် ကျန်းမာရေးဗဟုသုတများ ဖြန့်ဝေပေးရန်အတွက် ပါမောက္ခဆရာဝန်ကြီးများ ဦးဆောင်သည့် နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ယမန်နေ့က မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒေသနေပြည်သူများအား ရောဂါစစ်ဆေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ခြင်းတို့ကို ပြုလုပ်ကြသည်။ နယ်လှည့်ဆေးကုသရေး၌ လိုက်ပါကူညီဆေးဝါးကုသပေးကြသည့် ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရောဂါဝေဒနာများ လာရောက်ကုသမှု ခံယူကြသည့် ဒေသခံများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ-
ပါမောက္ခ ဒေါက်တာအေးအေးကြီး
သွေးရောဂါအထူးကုဆရာဝန်ကြီး၊
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး
မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ကနေပြီး နှစ်သစ်ကူး ရုံးပိတ်ရက်မှာ နားရက် မယူဘဲ ပြည်သူလူထုအတွက် ကျန်းမာရေး ကုသမှုပေးဖို့ ဒုတိယအကြိမ် လာရောက် ရခြင်းဖြစ်ပါတယ်၊ ဆေးဝါးကအစ ခရီးစရိတ် အဆုံး ဆရာဝန်တွေရဲ့ ပူးပေါင်းကူညီမှုနဲ့ လာတာပါ၊ အစိုးရဆရာဝန်တွေပါသလွိုဏ ဆရာဝန်တွေလည်း ပါပါတယ်၊ အဓိကက ပြည်သူတွေကို ပညာပေးချင်တာလည်း ပါပါ တယ်၊ သွေးတိုးရောဂါတွေအပြင် သွေးနဲ့ ပတ်သက်တဲ့ရောဂါတွေလည်း ရှာဖွေပေး သွားမှာဖြစ်ပါတယ်၊ ဒီဒေသဘက်တွေက ကွမ်းစားကြတော့ ကွမ်းစားလို့ဖြစ်တဲ့ ကင်ဆာ တွေ၊ ဆေးလိပ်၊ အရက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေ မဖြစ်ပွားအောင် ဆရာဝန် အသင်းအနေနဲ့ကော ကင်ဆာဖောင်ဒေးရှင်း က လက်ကမ်းလိုက်တဲ့ စာစောင်တွေကိုပါ ဖြန့်ဝေပေးသွားမှာပါ၊ နောက်ပြီး အစား အသောက်၊ ဆေးဝါးနဲ့ စောင်တွေကိုလည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုပေးဖို့ စီစဉ် ထားပါတယ်။
ပါမောက္ခ ဒေါက်တာသန်းသန်းဌေး
အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီး
ပါမောက္ခ၊ ဌာနမှူး(ငြိမ်း)၊
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး
ဆေးဝါးကုသဖို့ မောင်တောကိုလာတဲ့ အခါမှာ ကျွန်မနဲ့အတူ အထူးကု ဆရာဝန်ကြီး တွေ အများကြီး ပါလာပါတယ်၊ ဒေသခံ ဆရာဝန်တွေရော တစ်တပ်တစ်အား ပါဝင် ကြတဲ့အတွက် ဒေသမှာ လိုအပ်နေတဲ့အချိန် လိုအပ်တဲ့အကူအညီကို တတ်စွမ်းသမျှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးက ဆရာဝန်တွေက သေချာစမ်းသပ် ကုသပေး မှာပါ၊ ပြည်သူလူထုကလည်း ခုလို မိုးထဲ လေထဲမှာ လာရောက်ပြသကြလို့ ဝမ်းသာပါ တယ်၊ ကုသရေးအပိုင်းမှာလည်း အဆင် ပြေပြေဖြစ်ပါတယ်၊ ၂ဝ၁၇ ခုနှစ်ရဲ့ နောက်ဆုံး ရက်မှာ ခုလိုရရှိတဲ့ ကုသိုလ်ဒါနကို ၂ဝ၁၈ နှစ်သစ်ဆီ ယူဆောင်သွားရတာလည်း တကယ့်အမှတ်တရ ပီတိပါပဲ။
တွဲဖက်ပါမောက္ခ ဒေါက်တာညိုမီမေသင်
ရောဂါဗေဒဆရာဝန်ကြီး၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်
များသောအားဖြင့် ဆရာမတို့ ရောဂါ ဗေဒဌာနက ဆရာဝန်တွေဟာ နယ်လှည့် ဆေးကုသရေးမှာ ပါလေ့မရှိဘူး၊ သွေးရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးကြီး က ရခိုင်ဒေသဘက်မှာ သွေးရောဂါတွေဖြစ်တာ တွေ့ရှိရတယ်၊ လိုက်ပြီး ကူညီဆောင်ရွက် ပေးပါဆိုတာနဲ့ လိုက်ပါခဲ့တာ ဖြစ်ပါတယ်၊ ဒီလို ကူညီနိုင်ဖို့အတွက် သွေးကိုရှာဖွေတဲ့ ကိရိယာစက်ကြီးကို သယ်လာခဲ့ပါတယ်၊ ဆရာမတို့ ကျွမ်းကျင်အဖွဲ့တွေ၊ ဆရာ ဆရာမ တွေ၊ ရောဂါဗေဒဆရာဝန်အကူအညီတွေနဲ့ ရောဂါလာရောက်ရှာဖွေပေးကြတာ ဖြစ်ပါ တယ်၊ ဆရာမတို့အနေနဲ့ အခုလို အထူးကုသဖို့ နယ်လှည့်ထွက်တာ နှစ်ခါရှိပါပြီ၊ ပထမ တစ်ခါက ဧရာဝတီတိုင်းဒေသကြီး ရေဘေးနဲ့ အခု ရခိုင်ပြည်နယ် ဒီဒေသမှာပါ၊ ပံ့ပိုးပေးဖို့ လိုတယ်ထင်လို့ ရောဂါဗေဒ ဆရာဝန်တွေကို ခေါ်လာတဲ့အခါမှာ လူနာတွေရဲ့ စစ်ဆေးချက် အဖြေနဲ့ ကုသမှုကို ချက်ချင်းလုပ်ပေးနိုင်တဲ့ အတွက် ကျေနပ်မိပါတယ်၊ လူနာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ သွေးအားနည်းတဲ့ ရောဂါနဲ့ သွေးဖြူဥထဲမှာ အမိုနိုဆိုက်လို့ခေါ်တဲ့ ဟာလေးတွေများနေတာကို တွေ့ရတယ်၊ ရာသီပြောင်းကြောင့် ဖြစ်တာလို့လည်း ပြောလို့ရပါတယ်၊ သွေးနီဥ ရောဂါတို့၊ သွေးဖြူဥကင်ဆာတို့ ဒါမျိုးရောဂါတော့ မတွေ့ရဘူး၊ နောက်ပိုင်း ပစ္စည်း ပြည့်ပြည့် စုံစုံနဲ့ ရှိလာရင်တော့ ဒီထက်ပိုပြီး ရောဂါကို ပိုမိုရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်၊
ဒေါက်တာကျော်ခိုင်
မြန်မာနိုင်ငံဆရာဝန်အသင်း(စစ်တွေ)
ဒီအဖွဲ့လာမယ်ဆိုတော့ ဆရာက အားလုံးစီစဉ်ပေးရတယ်၊ မဟာဗျူဟာ လမ်းလည်း ဖောက်နေတယ်ဆိုတော့ ဒီလမ်း လည်း ကြည့်ရင်းနဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ သူတွေကိုလည်း ဆေးကုသပေးဖို့ လာရတာပါ၊ အခုအဖွဲ့က အရင်ကအဖွဲ့တွေထက် ပါရဂူ တွေ အများကြီး ပါလာတယ်၊ ဒီဒေသက ကျန်းမာရေးအသိပညာ နည်းတဲ့အတွက် အခုလို လာရောက်ကုသပေးခြင်းကနေ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်း လာစေတော့ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အများကြီး ယုံကြည်အားကိုးမှု ဖြစ်စေပါ တယ်။
ဒေါက်တာကျော်မောင်မောင်သိန်း
မောင်တောမြို့နယ် ဆေးရုံအုပ်ကြီး
မြန်မာနိုင်ငံ ဆရာဝန်အသင်းအနေနဲ့ ဒီဒေသမှာ လာရောက်ကုသပေးတာ နှစ်ကြိမ် ရှိပါပြီ၊ အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်၊ ကျွန်တော်တို့ဆေးရုံမှာ ပါရဂူတွေ မစုံတဲ့ အတွက် အခုလို အထူးကုဆရာဝန်ကြီးတွေ မအားလပ်တဲ့ကြားက လာရောက် ကုသပေးမှု ကြောင့် ဒီဒေသက ပြည်သူတွေအတွက် အများကြီး အကျိုးရှိစေပါတယ်။
ဒေါက်တာဝဏ္ဏထွန်း
မြန်မာနိုင်ငံ ဆရာဝန်အသင်း(ရန်ကုန်)
ရခိုင်ပြည်နယ် ဆေးကုသတဲ့ နှစ်ခေါက် စလုံးမှာ ပါဝင်ခဲ့ပါတယ်၊ ဒီဒေသမှာ အဖြစ် များတာက အထွေထွေရောဂါနဲ့ ကလေးရောဂါ တွေ ဖြစ်ပါတယ်၊ အရိုး အကြောအဆစ်ရောဂါ လည်း တွေ့ရတယ်၊ သွေးတိုး၊ နှလုံးရောဂါတချို့ လည်း တွေ့ရပါတယ်။
ဒေါ်ညွန့်သိန်းချေ (၅၁)နှစ်
အမှတ်(၄)ရပ်ကွက်
ကျွန်မက ဒူးနာနေလို့ လာရောက်ပြသ တာပါ၊ ဒီမှာ ဆရာဝန်တွေ ရောက်နေတယ် ဆိုတာကြားတော့ လာရောက်ပြသတာပါ၊ ဆရာဝန်က ကျွန်မကို ဆောင်ရမှာတွေနဲ့ ရှောင်ရမှာတွေကို ပြောပါတယ်၊ ဆေးမတည့် တာတွေကိုလည်း ပြောလိုက်ပါတယ်၊ ဆေးတွေကိုလည်း ပေးလိုက်ပါတယ်၊ ဒီကို ဆရာဝန်ကြီးတွေ လာရောက်ကုသပေးတော့ ကျွန်မတို့ အလွန်ပျော်ပါတယ်၊ ဒီမှာ တစ်ခါမှ ဒီလိုမျိုးမရှိပါဘူး၊ ငွေတတ်နိုင်တဲ့ လူတွေဆိုရင် ကောင်းတာပေါ့၊ ငွေမတတ်နိုင်တဲ့ လူတွေ ဆိုရင် အဆင်မပြေပါဘူး၊ ရောဂါကို ကြိတ်မှိတ်ပြီး ခံစားရတာလေ၊ ဆေးသောက် ဆေးထိုးနဲ့ နေရတာပါ။
မမိုးသူဇာ (၃၆)နှစ်
မောင်တော အမှတ်(၄)ရပ်ကွက်
ကျွန်မက အကြောဖြစ်လို့ လာပြတာပါ၊ အကြောဖြစ်နေတာ နှစ်လ၊ သုံးလလောက် တော့ရှိနေပါပြီ၊ ဆရာဝန်က အခုဆေးသောက် ပြီး မသက်သာရင် ဓာတ်မှန်ရိုက်တာတွေ၊ စစ်ဆေးတာတွေကို လုပ်ဖို့ပြောလိုက်ပါတယ်၊ ဆေးတစ်ပတ်စာ ပေးလိုက်ပါတယ်၊ ဒီနေရာမှာက အထူးဆရာဝန်အဖွဲ့တွေက မရှိပါဘူး၊ အထူးဆေးကုသရေးအဖွဲ့တွေ လာရောက်ကုသပေးလို့ အလွန်ဝမ်းသာပါ တယ်၊ အခုလို လာရောက်ကုသပေးလို့ အဆင် ပြေပါတယ်၊ တစ်နှစ်ကို သုံး၊ လေးခါလောက် လာရောက် ကုသပေးရင် ကောင်းမှာပဲ၊ ကျွန်မ သမီးလေးလည်း ဖျားနေတာ နှစ်ရက်လောက် ရှိပါပြီ၊ သမီးလေးပါ ပြခဲ့ပါတယ်၊ ကိုယ်အပူချိန် ထပ်ပြီး တက်လာလို့ရှိရင် သွေးလွန်တုပ်ကွေး စစ်ဆေးတာတွေလုပ်ဖို့ ပြောလိုက်ပါတယ်၊ အဖျားမတက်ဘူးဆိုရင် လုပ်စရာမလိုဘူးလို့ ပြောပါတယ်၊ ဆရာဝန်က ဆေးတစ်ပတ်စာ ပေးလိုက်ပါတယ်။
ဦးဖြူမောင်ချေ (၅၉)နှစ်
မြို့မအနောက်ရပ်ကွက်
ကျွန်တော်က လက်မောင်းနာနေလို့ လာပြတာပါ၊ ဆရာဝန်က ကျွန်တော့်ကို လေ့ကျင့်ခန်းလုပ်ရမယ်လို့ ပြောပါတယ်၊ သောက်ဆေးတွေလည်း ပေးလိုက်ပါတယ်၊ အခုလို ဆရာဝန်ကြီးတွေ လာရောက်ကုသ ပေးတော့ အဆင်ပြေပါတယ်။
ဦးအောင်ကထွန်း (၆၄)နှစ်၊ ရပ်ကွက်(၃)
ကျွန်တော်က ခြေထောက်နာနေလို့ လာပြတာပါ၊ လမ်းလျှောက်ရင် တဆစ်ဆစ် ကိုက်နေပြီး ဟိုနား ဒီနားသွားရင်လည်း နာနေလို့ပါ၊ အခုလိုဖြစ်တာ သုံးရက်လောက် တော့ရှိပါပြီ၊ အခုလို ဆရာဝန်ကြီးတွေ လာရောက်ပြီး ကုသပေးတော့ ကျွန်တော် အတိုင်းမသိ ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။
မောင်တောမြို့နယ် အတွင်းရှိ ပြည်သူ များအား အထွေထွေရောဂါ၊ သွေးရောဂါ၊ အရိုးအကြောအဆစ်ရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးကျန်းမာပညာနှင့် အပူပိုင်း နှင့်ကူးစက်ရောဂါတို့ကို ပါမောက္ခဆရာဝန်ကြီး လေးဦး၊ အထူးကုဆရာဝန် ခုနစ်ဦး အပါအဝင် ဆရာဝန် ၁၉ ဦးတို့က သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့ သည် ဒီဇင်ဘာ ၂၉ ရက်တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသ ပေးခြင်း၊ သွေးရောဂါအတွက် စစ်ဆေးပေးခြင်း တို့ကို ဒေသနေ ပြည်သူများအား လုပ်ဆောင် ပေးခဲ့ပြီး မြောက်ဦးမြို့ ရှစ်သောင်းဘုရားနှင့် ထုက္ကန့် သိမ်တော်ကြီးတစ်ဝိုက်၌ အမှိုက် ကောက်၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်၊
သတင်း-ဇေယျာ၊ မြင့်မောင်
ဓာတ်ပုံ-နေဝင်းထွန်း

No comments:

Post a Comment