Sunday, January 28, 2018

မြိတ်မြို့၌ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Image may contain: 6 people, people smiling, people standing
မြိတ် ဇန်နဝါရီ ၂၇
ကလေးများ စာအုပ်စာပေ နှစ်သက် မွေ့လျော်ကာ ရာသက်ပန်ပညာရှာ မှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ် များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေ ရန်၊ ပညာဗဟုသုတရော လူရည်လူ သွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်း ပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင် သူများ ဖြစ်လာစေရန် ရည်ရွယ်ချက် များဖြင့် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ၌ ကလေးစာပေပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၉ နာရီတွင် မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ဖွင့်လှစ်၍ အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျောင်းရှေ့ မျက်နှာစာတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ထူးချွန်လူငယ်နှစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးရာ ကလေး ငယ်များကလည်း မိုးပျံပူဖောင်းများ လွှတ်တင်ကြသည်။
ထို့နောက် အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဖွင့်ပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းထုတ်ပြန်ရေးနှင့် အသိပညာ ပေးရေးတို့ကို ပြောင်းလဲတိုးတက်လာ သော နည်းပညာများနှင့်အညီ ခေတ် စနစ်နှင့်လျော်ညီစွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးရုံးနှင့် စာကြည့်တိုက်များ ကို အများပြည်သူအတွက် အသုံးဝင် သည့်နေရာ လူထုအခြေပြုဗဟိုဌာန (Community Centre)များအဖြစ် မြှင့်တင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အနာဂတ် နိုင်ငံ့အတွက်၊ မိမိတို့အိုမင်းမစွမ်း ဖြစ်လာချိန်တွင် စီမံဆောင်ရွက်မည့် ကလေးငယ်များ အတွက် ဗလငါးတန်နှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ကလေးစာပေ ပွဲတော်များကို အကောင်အထည်ဖော် ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ကျေးဇူးတင်စကား ပြောကြားပြီး ဖျော်ဖြေရေးအစီအစဉ် များအဖြစ် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အထက်တန်းကျောင်း မှ ကျောင်းသူလေးများက ထားဝယ် ရိုးရာ ရေအိုးရွက်အကဖြင့် လည်း ကောင်း၊ မြိတ်မြို့နယ် ကစွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက လီဆူရိုးရာအကဖြင့် လည်းကောင်း၊ မြိတ်တက္ကသိုလ် ကျောင်းသား ကျောင်းသူလေးများက ညီညာစေ တိုင်းရင်းသားအကဖြင့်လည်းကောင်း၊ မြိတ်မြို့ မြင်းမိုရ် ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူ လေးများက ဦးဖိုးစိန် ဗုံတိုအကဖြင့် လည်းကောင်း သရုပ်ဖော် ကပြကြသည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကလေးစာပေ ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ကရင်တိုင်းရင်းသားရိုးရာ ပြခန်း၊ ထားဝယ်လူမျိုးရိုးရာပြခန်း၊ ဆလုံ လူမျိုးရိုးရာပြခန်း၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံပြခန်း၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးပြခန်း၊ အခြေခံ ပညာဦးစီးဌာနပြခန်း၊ ကျန်းမာရေး ဦးစီးဌာနပြခန်း၊ လူမှုဝန်ထမ်းဦးစီး ဌာနပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း နှင့် ကလေးစာဖတ်ခန်းများအား လည်းကောင်း၊ ကလေးစာပေမြှင့်တင် ရေးအလုပ်ရုံဆွေးနွေးပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံ ဆက်ပြိုင်ပွဲ၊ ဥာဏ်စမ်း ကစားနည်း ပြိုင်ပွဲများအား လည်းကောင်း၊ အား ကစားပြိုင်ပွဲများအဖြစ် ခွက်နင်းပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ပူဖောင်းညှပ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဖယောင်းတိုင် မီးထွန်းပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ ဆန် ကောရွက်ပြိုင်ပွဲ၊ ကွမ်းသီးကောက် ပြိုင်ပွဲ၊Team Building စုပေါင်းကစား နည်းများအား လည်းကောင်း ကလေး များ ပါဝင်ဆင်နွှဲနေမှုကို လှည့် လည်ကြည့်ရှုအားပေးကြသည်။
ကလေးစာပေ ပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် ရန်ကုန်မြို့တို့တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့သည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေ ချစ်မြတ်နိုးသူများနှင့် စေတနာရှင်အလှူ ရှင်များ ပူးပေါင်း၍ ၂ဝ၁၇ ခုနှစ်တွင် ခရိုင်မြို့ကြီး ၁၁ မြို့၌ လည်းကောင်း၊ ယခုနှစ်တွင် ခရိုင်မြို့ကြီး ၁၂ မြို့၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ယခုကျင်းပသည့် မြိတ်ကလေး စာပေပွဲတော်ကို ဇန်နဝါရီ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် ပြပွဲများ၊ ပြိုင်ပွဲ များ၊ ဖျော်ဖြေတင်ဆက်မှုများဖြင့် ကျင်းပလျက်ရှိပြီး မည်သူမဆို ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ(မြိတ်)ကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုံး၊ စာကြည့်တိုက်ကို လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မြိတ်)ကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျွန်းစုမြို့နယ် ပထော် ပထက်ကျွန်းသို့သွားရောက်ပြီး ပြည့်ဖြိုး ထွန်း ကုမ္ပဏီလီမိတက်၏ တန် ၁ဝဝဝ အအေးခန်းစက်ရုံ၊ အောင်မြတ် ဖြိုး ကုမ္ပဏီလီမိတက်၏ ကဏန်း အရေပျော့ မွေးမြူထုတ်လုပ်ရေး လုပ်ငန်း၊ ပထက်ကျေးရွာစာကြည့် တိုက်နှင့် ပထက်အထက်တန်းကျောင်း ၏ ကျောင်းစာကြည့်တိုက်တို့ကို သွားရောက်ကြည့်ရှု လေ့လာခဲ့ကြ သည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment