Sunday, January 28, 2018

ကရင်ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

Image may contain: one or more people and people standing
ရန်ကုန် ဇန်နဝါရီ ၂၇
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး ကျင်းပသည့် ကရင်ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲနှင့် ရိုးရာ အက ပဒေသာဖျော်ဖြေရေး အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ မုခ်ဦးရှေ့၌ ကျင်းသည်။
''ဒီနေ့ကျင်းပတဲ့ ဒုံးယိမ်းပြိုင်ပွဲက ရန်ကုန်မှာ ပထမဆုံးကျင်းပတဲ့ ဒုံးယိမ်းပြိုင်ပွဲဖြစ်ပါတယ်၊ ရန်ကုန်တိုင်း ဒေသကြီးခရိုင် လေးခရိုင်က ပြိုင်ပွဲဝင် ဒုံးအဖွဲ့ ကိုးဖွဲ့နှင့် အတူ ဒုံးယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုတွေ၊ ရိုးရာ တေးသီချင်းတွေအပြင် ကရင်တိုင်းရင်းသားမျိုးနွယ်စု ရှစ်စုရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ တင်ဆက်ကပြမှာ ဖြစ်ပါတယ်၊ ပြိုင်ပွဲမှာ အနိုင်ရတဲ့ဒုံးအဖွဲ့တွေကလည်း ပြည်ထောင်စုနေ့အခမ်းအနားမှာ ဖျော်ဖြေရမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစောချစ်မျိုးက ပြောသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီဝင် ပဒို ဒေါက်တာစောထွန်းအောင်မြင့်၊ ရန်ကုန် တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်လေးခရိုင်မှ ဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယကတို့က အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသူများ၊ သံတမန်များ၊ ကရင် တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ဒုံးအဖွဲ့များအား ညပိုင်းတွင် ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း- သီသီမင်း၊ ဓာတ်ပုံ-ကိုမျိုး

No comments:

Post a Comment