Wednesday, January 24, 2018

မင်းဘူး(စကု)မြို့နယ်အတွင်း သိမ်းဆည်းမြေများနှင့်ပတ်သက်၍ လျော်ကြေးပေးချေခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်

Image may contain: 1 person
နေပြည်တော် ဇန်နဝါရီ ၂၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပပြီး မေးခွန်း ၆ ခုမေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ် မှ ဦးမြစိန်၏ တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးမဟုတ် သော အချို့သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာသူဝန်ထမ်းများဖြစ်၍ သင့်တင့် သောအချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့် အောင်က အဆင့်ဆင့်သောတရားရုံးများတွင် ဝန်ထမ်း အိမ်ရာများမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများကို ပြောင်း ရွှေ့ရာတွင် အခက်အခဲရှိမည်မဟုတ်သော်လည်း အခြား သောတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများ အား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေပါက ၎င်းတို့နေထိုင်ရေးအတွက် အခက် အခဲများဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် တရားရုံးအဆင့် ဆင့်ရှိ အနေကြာဝန်ထမ်းများအား သင့်တင့်သော အချိုး ဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ပခုက္ကူ-ကြံခင်းရထားလမ်းအပိုင်းနှင့် မင်းဘူးမှအမ်းသို့ ဖောက် လုပ်မည်ဟုဆိုကာ မြေပေါင်များဖို့ထား၍ နစ်နာခဲ့သော တောင်သူများအား မည်သည့်အချိန်တွင် မည်သည့်နှုန်းထား များဖြင့် တွက်ချက်၍ ပေးလျော်သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ပါဝင်သွားသော သိမ်းဆည်းမြေ ၂၂၉၂ ဒသမ ၁၆ ဧကအတွက် လျော် ကြေးငွေကျပ် ၃၂၄ဝ ဒသမ ၂၅ သန်းကို ကာယကံရှင်များထံ ပေးချေပြီးဖြစ်ပါကြောင်း၊ ပေးချေလျက်ရှိရာတွင် မင်းဘူး (စကု)မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅)အုပ်စုအတွက် မြေယာလျော်ကြေးပေးချေရန် ကျန်ရှိနေပြီး ၎င်းကျေးရွာ များအတွက် လျော်ကြေးငွေများကို မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ရရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံသွား မည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ပါ ကြောင်း။
မင်းဘူး-အမ်း ရထားလမ်းဖောက်လုပ်ရာတွင် မင်းဘူး (စကု)မြို့နယ် ကျေးရွာအုပ်စု(၅)စုအတွင်း ပါဝင်သွားသော မြေများကို တိုင်းတာစိစစ်ပြီးဖြစ်၍ မင်းဘူးမြို့နယ် ကန်ရေ ကျေးရွာအုပ်စုရှိ မြေ ၃၁ ဒသမ ၆၆ ဧကအတွက် မကွေး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြု ချက်အရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် လျော် ကြေးငွေကျပ် ၇၂ ဒသမ ၉၃၃ သန်းပေးချေပြီးဖြစ်ပါကြောင်း၊ လျော်ကြေးပေးချေရန် ကျန်ရှိသော ကျေးရွာအုပ်စု(၄)စုအား မြေတိုင်းတာစိစစ်ပြီးဖြစ်၍ သိမ်းဆည်းမြေများ အတွက် လျော်ကြေးတန်ဖိုးကို မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ရရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ပါကြောင်း။
သိမ်းဆည်းမြေများနှင့်ပတ်သက်၍ တောင်သူတစ်ဦး ချင်းစီ၏ သိမ်းဆည်းမြေဧကကို မြေအမျိုးအစားအလိုက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စိစစ် အတည်ပြုပြီး မြေလျော်ကြေး၊ နစ်နာကြေး(၁)ဧကဈေး နှုန်းဖြင့်တွက်ချက်မှုပုံစံ (၁၂)ကို မြို့နယ်မှတွက်ချက် အတည်ပြု၍ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာခရိုင်နှင့် တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက် ရရှိရေးအတွက် အဆင့်ဆင့်တင်ပြဆောင်ရွက်ရပြီး လျော် ကြေးတန်ဖိုး အတည်ပြုချက်ရရှိမှသာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ခွင့်ပြုချက် ရရှိပါက လျော်ကြေးပေးချေခြင်းများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏ ဆီဆိုင်မြို့ နယ်၏ အရှေ့ခြမ်းတစ်လျှောက်နှင့် မောက်မယ်မြို့နယ် အနောက်ခြမ်း ဆက်စပ်နေထိုင်ကြသော ဒေသခံတိုင်းရင်း သား ကျေးလက်ပြည်သူများသည် မြို့နေပြည်သူများကဲ့သို့ Mobile ဖုန်းများအသုံးပြုနိုင်ရန် လိုအပ်သောနေရာများ တွင် MPT တာဝါတိုင်တိုးချဲ့ တည်ဆောက်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၏ အရှေ့ဘက်ခြမ်းတစ်လျှောက်နှင့် မောက်မယ်မြို့နယ် အနောက်ဘက်ခြမ်း ဆက်စပ်လျက်ရှိသောနေရာများတွင် တာဝါတိုင်များနှင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တိုးချဲ့ တည်ဆောက်ပေးရန် လောလောဆယ်တွင် အစီအစဉ်မရှိ သေးပါကြောင်း၊ ဆက်သွယ်ရေးအော်ပရေတာများမှ ထည့် ဝင်ငွေဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်း ရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ မိုင်းပန် မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စုနှင့် ဝိုးလိုင်းကျေးရွာ အုပ်စုတို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးရရှိစေရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေးတာဝါတိုင်(သို့) အခြားတာဝါတိုင် များ တပ်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း၊ မိုင်းခတ်မဲဆန္ဒ နယ်မှ ဦးစဲကီကော်၏ မိုင်းခတ်မြို့နယ် ဝေးလံခေါင်သီ အရပ်ဒေသများဖြစ်သော မိုင်းညှင်းဒေသရှိ မိုင်းညှင်း၊ ဟုတ်ပုံ၊ ဝမ်ပင်း၊ ဝမ်အွမ်နှင့် ပါပွန်းကျေးရွာအုပ်စုအနောက် ဘက်ခြမ်းတွင် မြန်မာ့ဆက်သွယ်ရေး(MPT-GSM) လက် ကိုင်ဖုန်းများ အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်ပေးမည့် အစီ အစဉ်များကိုသိလိုကြောင်း မေးခွန်းနှင့်မြောင်းမြမဲဆန္ဒနယ် မှ ဒေါက်တာဦးစိုးမိုးသူ၏ မြောင်းမြမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့ကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က ''အမျိုးဇာတ်ပျက်ယွင်းခြင်းမှဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့်ဥပဒေကြမ်း''ကို လွှတ်တော်သို့ တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ကော်မတီ၏စိစစ်တွေ့ရှိမှု အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
တရားသူကြီး ဦးမြင့်အောင်က အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းရာတွင် အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေကို ၁၈၅ဝ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်းဥပဒေသည် တည်ဆဲဥပဒေတစ်ရပ် ဖြစ်ပြီး ယခုထိအသုံးပြုဆဲဥပဒေဖြစ်ပါကြောင်း၊ သို့သော်လည်း ဥပဒေ၏နိဒါန်း တွင် ဘင်္ဂလားဥပဒေ ၁၈၃၂ ခုနှစ် နည်းဥပဒေ အမှတ် ၇၊ ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် မူသဘောကို ကျယ်ပြန့်အောင်ဆောင်ရွက်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေမည်ကိုထောက်၍ ဥပဒေအဖြစ်ပြဋ္ဌာန်းကြောင်း ကနဦးဖော်ပြ ချက်များပါရှိနေရာ ယင်းဖော်ပြချက်များသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် လည်းကောင်း၊ ဖော်ပြရန် မသင့်လျော်သည့်အတွက်လည်း ကောင်း ယင်းကနဦးဖော်ပြချက်နိဒါန်းကို ခေတ်နှင့်အညီလျော်ညီစေရန် အစားထိုး ပြင်ဆင်ရန်လိုအပ်သည့်အတွက် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း တင်ပြ သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ကျော်သူထက်၊ မွှေးကြူဇင်

No comments:

Post a Comment