Thursday, January 4, 2018

ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ရေး အရေးပေါ်တယ်လီဖုန်းလိုင်း ပြုံယမ်း ပြန်လည်ဖွင့်ပေး

Image may contain: one or more people, people standing, house and outdoor
ပြုံယမ်း ဇန်နဝါရီ ၃
မြောက်ကိုရီးယားနိုင်ငံက ပြောင်ချန်ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ပေးပို့ရေး အပါ အဝင် အခြားသောကိစ္စရပ်များဆွေးနွေးတိုင်ပင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ထားမှုကို ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
၂ဝ၁၆ ခုနှစ်တွင် ကိုရီးယားနှစ်နိုင်ငံစစ်မဲ့ဇုန်ရှိ ယာယီစစ်ပြေငြိမ်းရေးရွာဟု သတ်မှတ်ထားသည့် ပန်မန်ဂျုံ တွင် နှစ်နိုင်ငံအရေးပေါ် တယ်လီဖုန်းလိုင်းကို ပြုံယမ်းက ဖြတ်တောက်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ မြောက်ကိုရီးယားကော်မတီအကြီးအကဲ ရီဆွန်ဂွန်းက ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှ ကြေညာချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် နှစ်နိုင်ငံအရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းကို ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီခွဲ တွင် ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။ အဆိုပါနှစ်နိုင်ငံအရေးပေါ်တယ်လီဖုန်းလိုင်းကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဖြတ်တောက်ခဲ့ကြောင်း သိရ သည်။
မြောက်ကိုရီးယားခေါင်းဆောင်၏ နှစ်သစ်အဖွင့် မိန့်ခွန်းအပေါ် တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က အားရကျေနပ်မှုရှိပါကြောင်း ကိုရီးယား နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ မြောက်ကိုရီးယား ကော်မတီအကြီးအကဲ ရီဆွန်ဂွန်းက ဆိုသည်။
ထို့ပြင် ပြုံယမ်းအနေဖြင့် ပြောင်ချန်အိုလံပစ် အားကစားပြိုင်ပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေးနှင့် ပတ်သက်ပြီး တောင်ကိုရီးယားတာဝန်ရှိသူများနှင့် ဆွေးနွေး တိုင်ပင်ရန် ဆန္ဒရှိပါကြောင်း ကော်မတီအကြီးအကဲ ရီဆွန်ဂွန်းက ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment