Tuesday, January 2, 2018

တောင်နဝင်းဆည်ရေဖြင့် နွေစပါး အချိန်မီ စိုက်ပျိုးနိုင်တော့မည်

Image may contain: sky, outdoor, water and nature
ပြည် ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း တောင်နဝင်း ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု ချေးငွေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်ခဲ့သည်။
စီမံကိန်းစတင်ချိန်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြီးဆုံးချိန်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၏ ၇၃ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမည်ဖြစ်ရာ တောင်နဝင်း တူးမြောင်းမကြီး ပြုပြင်ခြင်း ၃၂ မိုင်နှင့် လက်တံတူးမြောင်း ၃၅ ခုရှိသည့်အနက် ၂၆ ခုကို အပြီးသတ် ပြုပြင်ဆောင်ရွက် ပြီးစီးမည်ဖြစ်သည်။
လက်ရှိပြုပြင်ပြီးစီးသော တောင်နဝင်းဆည်ရေသောက်စနစ်မှ ဇန်နဝါရီ ၁၅ ရက်တွင် နွေစပါး ၈၅၃၅ ဧကကို စိုက်ပျိုးရေ စတင်ပေးဝေတော့မည်ဖြစ်ရာ တောင်သူများ လုံလောက်သောစိုက်ပျိုးရေရရှိမည် ဖြစ်သည်။
တောင်နဝင်းဆည်ရေထိန်းတမံသည် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် တည်ရှိပြီး ဆည်ရေသောက်စနစ်သည် ပြည်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပုတီးကုန်းမြို့နယ် များရှိ လယ်မြေဧကများကို ဆည်ရေပေးဝေလျက်ရှိရာ ဤစီမံကိန်းအားလုံး ဆောင်ရွက်ပြီးစီးပါက နွေစပါး ၃၈၁၆၅ ဧက ပိုမိုထိရောက်စွာ ရေပေးဝေနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment