Tuesday, January 2, 2018

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: one or more people, crowd and outdoor
ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင်ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယနေ့ညပိုင်းတွင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ (သ.စ.အ)ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ က တရားတော်များကို ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင် သူတော်စင်အပေါင်းတို့က ရိုသေစွာ နာယူကြည်ညိုကြသည်။
တရားနာယူခဲ့မှုအပေါ် မြောက်ဥက္ကလာပမြို့နယ်မှ ဒေါ်နွဲ့နွဲ့ဝင်းက ''နှစ်သစ်ကို စတင်လိုက်တဲ့ ဒီလိုရက်မှာ အထင်ကရ ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကို လာရောက်နာယူခွင့်ရတာ မင်္ဂလာတစ်ပါးပါပဲ၊ ဒီကနေ့ည ဆရာတော်ကြီး ဟောကြားတဲ့ တရားတော်ထဲမှာဆိုရင် မိမိကိုယ်တိုင်က ကိုယ်ကျင့်တရားကောင်းမွန်စွာနေထိုင်ဖို့ အရေးကြီးတဲ့အကြောင်းတွေပါတယ်၊ အဲဒီတရားတော်အတိုင်း နေထိုင်သွားကြမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ အများအတွက် အကျိုးရှိတဲ့သူတစ်ယောက် ဖြစ်လာမှာပါ၊ ဒီလိုတရားပွဲတွေ လာရောက်နာယူခွင့်ရတာဟာ ကျွန်မတို့အတွက်တော့ အများကြီး အကျိုးရှိ ပါတယ်၊ နောင်နှစ်တွေမှာလည်း ဒီလိုပွဲတွေ စဉ်ဆက်မပြတ် လုပ်ပေးစေချင်ပါ တယ်''ဟု ပြောသည်။
အဆိုပါ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ယနေ့မှစတင်၍ ဇန်နဝါရီ ၃ ရက်အထိ သုံးရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော်(Ph.D,D.Litt)က လည်းကောင်း၊ တတိယနေ့တွင် သာသနာ့ဓဇ ဓမ္မာစရိယ ဓမ္မကထိက ဗဟုဇန ဟိတဓရ မဟာသဒ္ဓမ္မ ဇောတိကဓဇ ရွှေပါရမီ တောရဆရာတော် အရှင် ဆန္ဒာဓိကတို့က တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ယင်းကဲ့သို့ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ၂ဝ၁၇ ခုနှစ်တွင်လည်း ဇန်နဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဇော်ကြီး

No comments:

Post a Comment