Tuesday, January 2, 2018

ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာ နန်းတော်ဦးဘိုးဘွားရိပ်သာ၌ တည်ထားကိုးကွယ်သည့်နန်းတော်ဦး စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ စိန်ဖူးတော်အထွတ် တင်လှူပူဇော်ပွဲ ကျင်းပ

Image may contain: 4 people, outdoor
ရန်ကုန် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ် နန်းတော်ကျွန်းကျေးရွာ နန်းတော်ဦး ဘိုးဘွားရိပ်သာ၌ တည်ထားကိုးကွယ်သည့် နန်းတော်ဦး စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် အထွတ် တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်ပူဇော်သည်။
အဆိုပါပူဇော်ပွဲသို့ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် သာသနာရေး ဝန်ကြီး ဦးကျော်မြင့်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ နှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တက်ရောက်လာသူ များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော် မြတ်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့် ဆင့်တို့အား စေတီတော်အထွတ်တွင် တင်လှူပူဇော်ကာ အမွှေးနံ့သာရည် ပက်ဖျန်းပူဇော်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ယမန်နေ့ ညနေ ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် ကျိုက္ကလွန်ပွန်း စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကာ စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ဆပ်သွား ဖူးတော် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ ဘုရားကြီး၏ ဂန္ဓကုဋိ တိုက်အတွင်း ရွှေသားမျက်နှာကြက်တော် ကပ်လှူရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment