Wednesday, January 24, 2018

ရေအောက်အနက် ၁၁ ကီလိုမီတာအထိ ငုပ်လျှိုးနိုင်မည့် လူလိုက်ပါသောယာဉ်များ တရုတ် တည်ဆောက်မည်

Image may contain: outdoor and water
ပေကျင်း ဇန်နဝါရီ ၂၃
၂ဝ၂ဝ ပြည့်နှစ် ဝန်းကျင်တွင် ပင်လယ်ရေအောက်အနက် ၁၁ ကီလိုမီတာအထိ ငုပ်လျှိုးနိုင်မည့် လူလိုက်ပါသော ရေနက်ငုပ်ယာဉ် နှစ်စင်းကို တရုတ်နိုင်ငံက တည်ဆောက်ပြီးစီးရန် စီစဉ်ထား ကြောင်း သမုဒ္ဒရာများဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံ၏ အဆင့်မြှင့်တင်ထားသည့် ရေနက်ငုပ်ယာဉ် (အာရ်အိုဗွီ)၏ ပင်လယ်ရေနက်ပိုင်းလုပ်ငန်းဆောင်ရွက်မှုသည် ရေအနက် ၁၁ ကီလိုမီတာအထိ ငုပ်လျှိုးနိုင်မည်ဖြစ်ပြီး ယင်းရေယာဉ် စမ်းသပ်ငုပ်လျှိုးပြီးပါက လုပ်ငန်းတာဝန်များ ထမ်းဆောင်စေနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမုဒ္ဒရာဆိုင်ရာ ဓာတ်သတ္တုရင်းမြစ်များ သုတေသနဌာနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (စီအိုအမ်အာရ်အေ)၏ ညွှန်ကြားရေးမှူးချုပ် လျူဖန်းက ပြောကြားသည်။
တရုတ်နိုင်ငံမှ လူလိုက်ပါသည့် ရေနက်ငုပ်ယာဉ် ကျွေ့လျောင်း သည် ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက မာရီယာနာ သမုဒ္ဒရာချောက်အတွင်း စမ်းသပ်ငုပ်လျှိုးခဲ့ရာ ရေအနက် ၇ဝ၆၂မီတာ အထိ စံချိန်တင် ငုပ်လျှိုးနိုင်ခဲ့ပြီး ယင်းရေနက်ငုပ်ယာဉ်အား ၂ဝ၁၈ ခုနှစ်တွင် ရေနက်ငုပ်လုပ်ငန်းများ လုပ်ဆောင်စေမည်ဖြစ်သည်။
ဟိုင်လျောင်းနှင့် ကွင်လျောင်းအမျိုးအစား လူလိုက်ပါခြင်းမရှိသည့် ရေနက်ငုပ်ယာဉ်များကို ယခုနှစ်အတွင်း တိုးတက်ကောင်းမွန်အောင် နည်းပညာဆန်းသစ်မှု ပြုလုပ်သွားမည်ဖြစ်သည်။ လူလိုက်ပါခြင်းမရှိသည့် ရေနက်ငုပ်ယာဉ်များသည် ယခင်က ထောက်ပံ့ရေးရေယာဉ်နှင့် သံမဏိကြိုးဖြင့် ချိတ်ဆက်ကာ ငုပ်လျှိုးခဲ့သည့် စနစ်မှ နောက်ပိုင်းတွင် သံမဏိကြိုးမဲ့စနစ်သို့ ပြောင်းလဲလာသည်။
ပင်လယ်သမုဒ္ဒရာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးအတွက် တရုတ် နိုင်ငံက ပင်လယ်ရေနက်ပိုင်း စူးစမ်းရှာဖွေရေး အဆင့်မြင့်နည်းပညာသုံး ကိရိယာတန်ဆာပလာ လေးမျိုးထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း လျူက ပြောကြားသည်။
ဆင်ဟွာ

No comments:

Post a Comment